အလှူရှင်များ၏ ဒါနဖြင့် ရွှေစက်တောဘေးမဲ့တောရှိ ရွှေသမင်သောက်သုံးကန်များသို့ ရေဖြည့်တင်းပေးနေ

အလှူရှင်များ၏ ဒါနဖြင့် ရွှေစက်တောဘေးမဲ့တောရှိ ရွှေသမင်သောက်သုံးကန်များသို့ ရေဖြည့်တင်းပေးနေ
ဓာတ်ပုံ - AFP

မကွေး၊ မေ ၁၂ ။          ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်ရှိ ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာသဖြင့် ရွှေသမင်များ သောက်သုံးသော ေရေကန်များအတွင်းသို့ ဘောက်ဆာကားများဖြင့် ရေဖြည့်တင်းပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေ ရွှေသမင်တွေ သောက်တဲ့ရေကန်တွေ ရေခမ်းခြောက်နေတဲ့အကြောင်း တင်ထားတော့ ရေအလှူရှင်တွေက ဆက်သွယ်လှူဒါန်း တတ်နိုင်သရွေ့ ရေကုသိုလ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ကန်လေးတွေကို ရေဖြည့်ဖို့ ရေကားတစ်စီးကို ၁၀၀၀၀ ကျပ် ပေးရပါတယ်။ ရေဖြည့်ပေးလိုက်တာနဲ့ ရွှေသမင်လေးတွေ ရေသောက်ဆင်းနိုင်ပါပြီ” ဟု ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။

မင်းဘူးခရိုင် မင်းဘူး၊ ပွင့်ဖြူ ၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်အတွင်း ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ရှိပြီး လက်ရှိ (၁၁၄၆၇၈.၇၁ )ဧက အကျယ်ဝန်းရှိ ဘေးမဲ့တောအတွင်း ကျင်လည်ကျက်စားသည့် ရွှေသမင်များအပါအဝင် တောရိုင်းတိရိစ္ဆာန်များ နေထိုင်နေခြင်းဖြစ်သည်။

“ ရွှေစက်တော်ဘေးမဲ့တောအတွင်းမှာ မိုးရာသီဆိုရင် တိရိစ္ဆာန်များသောက်သုံးရေကန် ၁၀ ကန် ရှိပါတယ် အဲ့ဒီ ၁၀ ကန်ထဲကမှာ ရေကားတွေမောင်းလို့ရတဲ့ ကန်တော်ကြီးကန်အပါအဝင် ကန် ၄ ကန်ကိုပဲ ရေဖြည့်ပေး နိုင်ပါသေးတယ်။ ကျန်တဲ့ကန်တွေထဲ ရေဖြည့်ပေးနိုင်ရေး ဆောင်ရွက်နေပါတယ်” ဟုရွှေစက်တော် ဘေးမဲ့တော လက်ထောက်ညွန်ကြားရေးမှူး ဦးအုန်းလွင်က ပြောသည်။

အဆိုပါမင်းဘူး/စကုမြို့နယ်ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြန်မာ့ရွှေသမင်များအတွက် ရေလူးရန်နှင့်သောက်သုံးကန်များရေဖြည့်ပေးနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှစေတနာရှင် အလှူ ရှင်များ ၏ လှူဒါန်းငွေဖြင့် ဘောက်ဆာတစ်စီး ၁၀၀၀၀ နှုန်းဖြင့် ၁၃ သိန်း ရရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက “ ၂၀၁ရခုနှစ် ဇွန်လ ၃ဝရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဥ္စမ ပုံမှန်အစည်းအဝေးမှာ ရွှေစက်တော်ဘေးမဲ့တောအတွင်းက တိရစ္ဆာန်တွေ ရေမငတ်ဖို့အတွက် လွှတ်တော်မှာ မေးခွန်းမေးတယ်။ တကယ်လိုအပ်လို့ ကျွန်တော် မေးခဲ့တယ်။ အဲဒီတုန်းက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လုပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဦးအုန်းဝင်းက မကွေးတိုင်းဝန်ကြီးချုပ်က ကိုယ်ပိုင်ရန်ပုံငွေနဲ့ ကန်အလယ်ထဲမှာ အဝီစီတွင်း တူးပြီး ဆိုလာနဲ့ရေစုပ်တင်ပြီး သဘာဝရေကန်ငယ်လေးတွေ ရေဖြည့်ဖို့ ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ ဒီလိုပဲ ပြောခဲ့တာပါ” ဟု ပြောသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရွှေသမင် ကာကွယ်တောအတွင်း ၂၀၁၆ ခုနှစ်တွင် ရွှေသမင်ကောင်ရေ (၁၅၇၉) ကောင်၊ ၂၀၁၇ ခုနှစ်တွင် (၁၄၅၆) ကောင်၊ ၂၀၁၈ ခုနှစ်တွင် (၁၅၀၄) ကောင် အထိ ပေါက်ဖွားရှင်သန်လျက် ရှိကြောင်း၊ ၂၀၁၉ခုနှစ်တွင်(၉၅၂)ကောင်ရှိကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly