ဓါးကိုင်ရမ်းကားနေသူများက ရဲတပ်ဖွဲ့ကို ရန်ပြုသဖြင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီး

ဓါးကိုင်ရမ်းကားနေသူများက ရဲတပ်ဖွဲ့ကို ရန်ပြုသဖြင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီး
ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၁၁ ။      ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၄ လမ်းနှင့် ၇၃ လမ်းကြား၊ မင်္ဂလာလမ်းတွင် ဆိုင်ကယ်စီးပြီး ဓားကိုင်ရမ်းကားနေသူများကို ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဓားဖြင့် ခုတ်ရန်ပြေးလာသဖြင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဓားကိုင်ရမ်းကားနေသူများမှာ ကိုမောင်၊ ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ) မွန်ထီး တို့ ၅ ဦးဖြစ်ပြီး ၎င်းတို့အား ဓါးရှည်များနှင့်အတူ ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ မေလ ၁၁ ရက်နေ့၊ ညနေ ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မေလ ၉ ရက်နေ့၊ ည ၁ဝ နာရီခန့်တွင် ရဲတပ်ဖွဲ့မှ အရပ်ဝတ်ဖြင့် အသွင်ယူပြီး ဆိုင်ကယ်နှင့် ဒုစရိုက်သမား များကို စုံစမ်းဖမ်းဆီးရန် ပြည်ကြီးတံခွန်မြို့နယ်၊ ၇၄ လမ်းနှင့် ၇၃ လမ်းကြား၊ မင်္ဂလာလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မင်္ဂလာလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ဓားရှည်များကိုင်ဆောင်ကာ ဆိုင်ကယ်များ စီးနင်းလာသည့် ၎င်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရဲတပ်ဖွဲ့မှ ဆိုင်ကယ်များ ရပ်ရန်ပြောစဉ် မရပ်ဘဲမောင်းနှင်ထွက်ပြေးရာ ၎င်းတို့ဆိုင်ကယ်အချင်းချင်း ချိတ်မိကာ လဲကျသွားပြီး ဘိုဟိန်းကျော် (ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သာမွန်စိုး(ခ)မွန်ထီး၊ ကိုမောင်၊ ရော်ဂဲ၊ ရဲလေးတို့(၇) ဦးက ရဲတပ်ဖွဲ့ဝင်များကို  ဓါးဖြင့် ခုတ်ရန် ပြေးလာခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့မှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဓါးများအား အောက်သို့ချရန် အကြိမ်ကြိမ်ပြောဆိုခဲ့သော် လည်း ဓါးရှည်များအားမချဘဲ ခုတ်ရန်ပြေးဝင်လာသဖြင့် သေနတ်ဖြင့် (၁)ချက်ခြောက်လှန့်ပစ်ခဲ့ရာ ကျူးလွန်သူ များမှာ  ၎င်းတို့ စီးနင်းလာသော ဆိုင်ကယ်များထားခဲ့ပြီး ဓါးများကိုင်ဆောင်ကာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်း ဆီးခဲ့ရာ ၅ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ကိုမောင်၊ ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ) မွန်ထီး တို့(၅)ဦးအား ဓါးရှည်များနှင့် ဖမ်းဆီးရမိသဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၄၉၁/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

ထို့အပြင်  ၎င်းတို့ ၅ ဦးမှာ တာဝန်ဝတ္တရား ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိလျှက်နှင့် တာဝန်တ္တရားထမ်းဆောင်မရအောင် ဟန့်တားနှောက်ယှက်သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းက(ပ)၄၉၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၁၁၄ ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly