ရန်ကုန်လေဆိပ်မှာ ဘင်္ဂလားဒေ့ရှ် လေယာဉ် အဆင်း ပြေးလမ်းချော်ရာ လူ ၁၉ ဦး ဒဏ်ရာရ

ရန်ကုန်လေဆိပ်မှာ ဘင်္ဂလားဒေ့ရှ် လေယာဉ် အဆင်း ပြေးလမ်းချော်ရာ လူ ၁၉ ဦး ဒဏ်ရာရ
Photo: Lynn Bo Bo/EPA

ဘင်္ဂလားဒေ့ရှ် Biman Bangladesh Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့က ဆင်းသက်ရာမှ ပြေးလမ်းချော်ခဲ့တာကြောင့် စုစုပေါင်း လူ ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

S2-AGQ-Bombardier Dash 8 Q400 လေယာဉ်ဟာ ရာသီဥတု ဆိုးဝါးတာကြောင့် ပြေးလမ်းချော်တာဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ ပြည်သူ့ဆက်ဆံရေး အထွေထွေမန်နေဂျာ ရှာကီမာရတ်က ပြောပါတယ်။

လေယာဉ်မှူး နှစ်ဦးနဲ့ ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၁၉ ဦး ဒဏ်ရာရတာကြောင့် လေဆိပ်က ဆေးခန်းမှာ ကုသပေးခဲ့ရကြောင်း မြန်မာနိုင်ငံက Biman and Bangladesh မစ်ရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ အမှုထမ်း လေးဦးနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ခရီးသည် ၂၉ ဦး လိုက်ပါလာခဲ့တာ ဖြစ်တယ်လို့ ရှာကီမာရတ်က ဆိုပါတယ်။

ခရီးသည်နဲ့ အမှုထမ်းတွေကို မြန်မာမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြန်လည်တင်ဆောင်ခွင့် ပြုလိုက်ပြီးနောက်မှာ Biman က အထူးလေယာဉ်နဲ့ ရန်ကုန်ကနေ ဒါကာကို ည ၁၁ နာရီ ၂၅ မိနစ်မှာ ပျံသန်းပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“လေယာဉ်မှူးကြီး အန်နက်စ်နဲ့ ပထမတန်းအရာရှိ တာဘတ်ဆမ်တို့က အဲဒီ  အစားထိုး အထူးလေယာဉ်ကို မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ခုလို ဒုက္ခသည် ကြုံလိုက်ရတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ တင်ဆောင်တဲ့ အထူးလေယာဉ်ဟာ ဒါကာဆီ နံနက် ခြောက်နာရီ ဝန်းကျင်မှာ ပြန်လည်ရောက်ရှိမယ်လို့ ရှာကီက မျှော်လင့်ထားပါတယ်။

ဖေ့ဘုတ်အပါအဝင် လူမှုမီဒီယာတွေမှာ ရန်ကုန်လေဆိပ် ပြေးလမ်းဘေး မြက်ခင်းပြင်မှာ ထိုးဆိုက်နေတဲ့ လေယာဉ်ရဲ့ ဓာတ်ပုံတွေ ပြန့်နှံ့နေပါတယ်။
ရန်ကုန်လေဆိပ်ကတော့ ဒီ လမ်းချော်မှုကို အတည်မပြုပေမယ့် မိုးသည်းထန်တာကြောင့် နောက်ထပ် သတိပေးချက် မထုတ်ပြန်မချင်း ပြေးလမ်းကို ပိတ်ထားမယ်လို့ ကြေညာထားကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြထားပါတယ်။

အခြား ဆိုက်ရောက်လာတဲ့ လေယာဉ်တွေလည်း မြို့တော် နေပြည်တော်လေဆိပ်ဆီ လမ်းကြောင်းပြောင်း ဆင်းသက်ရတာ ဖြစ်ပါတယ်။
မိုးသည်းထန်ပြီး လေပြင်းတိုက်တဲ့ အချိန်မှာ ဆင်းသက်ရတာကြောင့် ခုလေယာဉ်ဟာ ရှေ့ဘီး ကျိုးသွားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှသံအမတ်ကြီး မန်ဂျူရူကာရမ်းခန်းက ပြောပါတယ်။

လေယာဉ်ကိုယ်ထည် သုံးနေရာ ကျိုးပေါက်ကာ လေယာဉ်ရဲ့ ဘီးအုံ ကျိုးသွားခဲ့တယ်လို့ လေကြောင်း မတော်တဆမှုနဲ့ ဘေးကင်းလုံခြုံရေးရာကို ဆောင်ရွက်တဲ့ Aviation Safety Network က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly