ရိုက်တာသတင်းထောက် ၂ ယောက်နှင့် မိုးအောင်ရင် လွတ်မြောက်

ရိုက်တာသတင်းထောက် ၂ ယောက်နှင့် မိုးအောင်ရင် လွတ်မြောက်

မေ ၇ ရက်၊ ရန်ကုန် ။            ။ သက်ဆိုင်ရာနယ်ပယ်မှလူအများက လွတ်ငြိမ်းခွင့်ရရေး တောင်းဆိုခဲ့ကြသည့် ရိုက်တာသတင်းထောက် ၂ ယောက် နှင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်တို့ လွတ်ငြိမ်းသက်သာခွင့် စာရင်းတွင် ပါဝင်လာသည်။

နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် ၊ အကျဉ်းစခန်း အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူပေါင်း ၆၅၀၀ ကျော်ကို မေလ ၇ ရက်နေ့တွင် သမ္မတလွတ်ငြိမ်းသက်သာခွင့်ဖြင့် တတိယအကြိမ် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 “ ကျွန်တော်တို့ မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့ လွတ်မြောက်ပါပြီခင်ဗျာ။ လွတ်မြောက်ခွင့် ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သ ပေးကြသူများအားလုံး၊ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျွန်တော်တို့ မိသားစုကို စောင့်ရှောက် ဖေးမ ကူညီကြသူများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ” ဟု မိုးအောင်ရင်၏ ဖခင် အောင်ရင်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကျေးဇူးတင်စကား ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင်လည်း အကျဉ်းသားပေါင်း ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦး ကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ဧပြီ ၂၆ ရက်နေ့တွင် နိုင်ငံသားအကျဉ်းသား ၆၉၄၈ ဦးကို ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ရာ ရိုက်တာသတင်းထောက် ၂ ယောက်နှင့် မိုးအောင်ရင် ပါဝင်လာမည်ဟု လူအများက မျှော်လင့်ခဲ့ကြသော်လည်း ပြန်လည်ပါဝင်လာခြင်း မရှိခဲ့ပေ။

၎င်းတို့အတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ လူမှုကွန်ရက်တွင် ရေးသားမှုများ၊ လူအများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ယခု တတိယအကြိမ် လွတ်ငြိမ်းတွင်  ပါဝင်လာခဲ့သည်။

သရုပ်ဆောင် မိုးအောင်ရင်၏ အမှုဖြစ်စဉ်သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ရှာဖွေရာ မိုးအောင်ရင်၏ တာမွေမြို့နယ်နေအိမ်တွင် သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနဲ့ ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အမှု ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က သရုပ်ဆောင်မိုးအောင်ရင်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က) နဲ့ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကို ရန်ကုန်၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့ပြီး ပုဇွန်တောင် တရားရုံးမှလည်း နိုဝင်ဘာလ ၂၆ ရက်က ဥပဒေပုဒ်မ- ၁၅/၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် မိုးအောင်ရင်က ထောင်ဒဏ် ၁၇ နှစ်ထိ  ပြစ်ဒဏ် ချခံခဲ့ရခြင်းဖြစ်သည်။

မကြာသေးခင်ကမှ ပူလစ်ဇာဆု ရရှိထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ယနေ့လွတ်ငြိမ်းတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly