မြန်မာနိုင်ငံရဲ့ စီးပွားရေးကတော့ ခုချိန်မှာ ထူးကဲစွာ နိုးထလာနေပါပြီလို့ ရှောင်တာနယ် ဆို

မြန်မာနိုင်ငံရဲ့ စီးပွားရေးကတော့ ခုချိန်မှာ ထူးကဲစွာ နိုးထလာနေပါပြီလို့ ရှောင်တာနယ် ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မြန်မာ့စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်ပေးထားနိုင်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးသိရှိနိုင်ဖို့အတွက် MizzimaTV အယ်ဒီတာ ဦးမျိုးသန့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေး အထူးအကြံပေးပုဂ္ဂိုလ် တစ်ဦး ဖြစ်တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်ကို တွေ့ဆုံဆွေးနွေးမေးမြန်း ထားခဲ့ပါတယ်။
 

မေး - နိုင်ငံစီးပွားရေးကို မောင်းနှင်မှုအပိုင်းနဲ့ပတ်သက်လို့ လက်ရှိအစိုးရရဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ် ဘယ်လိုများ ထင်မြင်မိပါသလဲ။

ဖြေ - ကောင်းပါပြီ။ ကျွန်တော့်အမြင်မှာတော့ သိပ်ကောင်းတဲ့ စွမ်းဆောင်မှုတစ်ခုဖြစ်ပါတယ်။ အထူး သဖြင့်ပေါ့လေ၊ နိုင်ငံမှာ ဖြတ်သန်းလာရတဲ့ ခရီးလမ်းတစ်လျှောက် နောက်ပြီး ကြုံတွေ့လာရတဲ့ အတားအဆီး အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ရတဲ့ကာလမှာ ဒါက အရမ်းကောင်းတဲ့ ဆောင်ရွက်ချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒီနေရာမှာ စမှတ်က သိပ်အကောင်းကြီး မဟုတ်ခဲ့ဘူးဆိုတာကိုတော့  ကျွန်တော်တို့အမြဲ အမှတ်ရနေဖို့ လိုပါတယ်။ စီးပွားရေးကတော့ ခုချိန်မှာ ထူးကဲစွာ နိုးထလာနေပါပြီ။ ဒီနေရာမှာ အရေးကြီးတာတစ်ခု ပြောရရင် ကျွန်တော်တို့ဆီမှာ ခက်ခဲ ကြမ်းတမ်းမှုတွေ အားလုံးနဲ့ ကြုံခဲ့ရတယ်။ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့တဲ့ စီးပွားရေး ပြဿနာ တွေလည်း ရှိခဲ့တယ်။ ပြီးခဲ့တဲ့ အနှစ် ၆၀ လောက်မှာဆိုရင် စစ်အုပ်ချုပ်ရေးအောက်မှာရော နောက်ပြီး ဆိုရှယ်လစ်ဇင်နဲ့ စီးပွားရေးမှာ အတော်လေးကို မတည်မငြိမ်ဖြစ်ခဲ့တဲ့ အခြေအနေတစ်ရပ်နဲ့ တွေ့ကြုံ ခဲ့ပါတယ်။ ဒီတော့ NLD အစိုးရတက်လာတော့ ဒီလိုအရမ်းကို ခက်ခဲတဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုနဲ့ ကြုံခဲ့ရတာပါ။ ဒီနေရာမှာ သူတို့ဟာ အရေးကြီးတဲ့ ကိစ္စနှစ်ခုကို လုပ်ခဲ့ရတယ်။ ပထမဦးစွာ စီးပွားရေးကို တည်ငြိမ်အောင်နဲ့ ပြန်အရှိန်ရ တက်ကြွလာအောင် လုပ်ခဲ့ရတယ်။ ဒါက ဘဏ္ဍာငွေလိုငွေ လျော့ကျအောင် လုပ်ရတာကို ဆိုလိုတာဖြစ်သလို ငွေလဲနှုန်းတွေ ငြိမ်အောင် ထိန်းရတာကိုလည်း ဆိုလိုတာဖြစ်တယ်။ နောက် ငွေကြေးဖောင်းပွမှု လျော့ကျအောင် လုပ်ရတာဖြစ်သလို ကုန်သွယ် လိုငွေကို လျော့ကျအောင် လုပ်ရတာဖြစ်တယ်။ ဒီတော့ ဒီအစိုးရဟာ အဲဒီလို နိုင်ငံစီးပွားရေး တည်ငြိမ်အောင် ထိန်းနိုင်မယ့် လုပ်ဆောင်ချက် မှန်သမျှကို လုပ်ခဲ့ရတယ်။ ဒါပေမယ့် အဲဒါ ပြီးတဲ့နောက်မှာ အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် လမ်းကြောင်းတွေ ရှာခဲ့ရတယ်။ ပြုပြင်ပြောင်းလဲသွားနိုင်မယ့် လမ်းတွေရှာခဲ့ရတယ်။ ပြီးတော့ အဲဒါက အရမ်းခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ တကယ်တမ်းဆိုရင်လည်း ဒီလို သွားရတဲ့ ခရီးလမ်းမှာ နိုင်ငံတကာ စီးပွားရေးဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း တော်တော်လေးကို မတည်မငြိမ် ဖြစ်နေတာကိုပါ သွားတွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး မှာကိုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော နောက်ပြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခု ဖန်တီးရေးအတွက်မှာပါ ထောက်ကူပေးနိုင်ခဲ့ခြင်း မရှိတာကိုပါ တွေ့ရပါလိမ့်မယ်။ ဆိုတော့ကာ ဒီလိုမျိုး စိန်ခေါ်မှုကြီးတွေ အားလုံးနဲ့ ကြုံခဲ့ရတာဖြစ်တဲ့အတွက် ကျွန်တော့်အမြင်မှာတော့ NLD အစိုးရဟာ နိုင်ငံစီးပွားရေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ပြောရရင် အလွန့်အလွန်ကို ကောင်းအောင် လုပ်ပေးထားနိုင်ပါတယ်။

မေး - အစိုးရအနေနဲ့က ခု သူတို့လုပ်နေတဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေထံ ဆက်သွယ် ပြန်ကြားပေးမှု အပိုင်းမှာကျတော့ရော လုံလုံလောက်လောက်နဲ့ ရှင်းရှင်းလင်းလင်း လုပ်ပေးထား နိုင်ခဲ့ပါသလား။

ဖြေ - ဒီအပိုင်းက အစိုးရကို ကျွန်တော် ထောက်ပြဝေဖန်ချင်တဲ့ အပိုင်းဗျ။ ဘာလို့ဆိုတော့ သူတို့က သူတို့ လုပ်နေတာတွေကို ပြန်ကြားပေးမှုအပိုင်းမှာ သိပ်အကောင်းကြီး မလုပ်ထားနိုင်ခဲ့ဘူးလေ။ တကယ် တော့ လက်ရှိအစိုးရရဲ့ တကယ် လက်တွေ့စွမ်းဆောင်နိုင်မှု အထူးသဖြင့် လုပ်ထားနိုင်တဲ့ ပြုပြင် ပြောင်းလဲမှု အတိုင်းအတာ ပမာဏက ပြည်သူတွေ ထင်ထားတာထက်ကို ပိုပါတယ်ဗျာ။ ကျွန်တော့် အမြင်မှာတော့ ဒီအစိုးရမှာ ကြုံနေရတဲ့ ထင်သာမြင်သာ အရှိဆုံး ပြဿနာက သူတို့တွေဟာ သူတို့ ဘာတွေလုပ်နေလဲ ဆိုတာနဲ့ပတ်သက်လို့ ပြည်သူတွေကိ်ု အသိပေးတဲ့အပိုင်းမှာ အရမ်းကြီး အကောင်းကြီး မဟုတ်ဘူးဗျ။

ဟိုတလောလေးတုန်းကပဲ ခုလက်ရှိအစိုးရ လုပ်ထားပြီးသမျှ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးနဲ့ ပတ်သက်တဲ့ အသေးစိတ်စာရင်းတစ်ခု ကျွန်တော်လုပ်ခဲ့ပါသေးတယ်။ အဲဒါက စာမျက်နှာနဲ့ဆိုရင် ခုနစ်မျက်နှာလောက်ရှိပါတယ်။ သိပ်ကို သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဘဏ်လုပ်ငန်းကစလို့  ကုန်သွယ်မှု၊ ကျန်းမာရေးကဏ္ဍ၊ နောက် အခြေခံအဆောက်အအုံ အထိ စုံစုံလင်လင် ပါပါတယ်။ ဒါပေမယ့်  အဲဒီ အပိုင်းတွေထဲက အများစုကို ပြည်သူအများစု သိပ် မသိခဲ့ကြသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒါတွေကို တစ်စုတစ်စည်းတည်း စာရင်း ကောက်ရတာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အတော်လေးကို အားကောင်းပြီး ကြောင်းကျိုး ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှု ဇာတ်လမ်းတစ်ပုဒ်ကို ခင်ဗျား ရလိုက်တယ်လို့ ဆိုရမှာပါ။ ဟုတ်ပါတယ်။ ဒီနေရာမှာ ဒီလို ကိစ္စတွေကို ပြည်သူတွေဆီ အသိပေးမှုအပိုင်းမှာ အစိုးရအနေနဲ့  အရမ်းကြီး တော်ခဲ့တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒီနယ်ပယ်ကတော့့ တိုးတက်ဖို့ လိုနေသေးတဲ့ အပိုင်းဖြစ်ပါတယ်။ အစိုးရဘာတွေ လုပ်ထားနိုင်လဲ ဆိုတာအပြင် စီးပွားရေးဟာ အတော်လေးကို အားကောင်းကောင်းနဲ့ တိုးတက်နေတယ်။ နောက်ပြီး ဒါတွေအားလုံးနောက်မှာ သိပ်ကို ကြောင်းကျိုးဆီလျော်တဲ့ ပြုပြင်ပြောငး်လဲမှု ပရိုဂရမ်တစ်ခု ချမှတ်ထားတယ်ဆိုတာကို ပြည်သူတွေ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေထံ အသိပေးဖို့ အပိုင်းတွေမှာတော့ တိုးတက်ဖို့လိုပါသေးတယ်။

မေး - နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် အဓိက ကျတဲ့ အချက်တွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ - စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရင် အဓိက အကျဆုံး အပိုင်း တစ်ခုက အခွန်အကောက် ပြုပြင်ပြောင်းလဲရေးလို့ ပြောရမှာဖြစ်ပါတယ်။ အထူးသဖြင့် အခွန် ကောက်ခံမှုအစီအစဉ်တွေ တော်တော်လေးကို ပရမ်းပတာဖြစ်၊ အစီအစဉ်မကျဖြစ်နေတဲ့ မြန်မာလို နိုင်ငံမျိုးမှာပေါ့။ ဒီလိုပဲ ပြောရပါလိမ့်မယ်။ ဒီနေရာမှာ မြန်မာနိုင်ငံဆိုရင် အာရှမှာတင် မဟုတ်ပါဘူး ကမ္ဘာပေါ်မှာပါ အခွန်ကောက်ခံမှုနှုန်း အနည်းဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်လောက်ထဲမှာ တကယ့်ကို အခွန်ကောက်ခံမှုနှုန်း နည်းပါးတဲ့ အောက်ဆုံး ငါးနိုင်ငံမှာ မြန်မာ ပါ ပါတယ်။ သူ့ထက် အခွန် လျှော့ကောက်တဲ့ နိုင်ငံဆိုလို့ ငါးနိုင်ငံလောက်ပဲ ရှိပါတယ်။ ဒီတော့ကာ နိုင်ငံရဲ့ အခွန်စနစ်မှာ ကြီးကြီးမားမား တိုးတက်အောင်လုပ်ဖို့ လိုနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာလို့ ဆိုတော့ ဒီလိုကောက်ခံရရှိမယ့် အခွန်တွေကို အစိုးရရဲ့ နိုင်ငံစီးပွားရေး တိုးတက်အောင် လုပ်ဆောင်ရမယ့် ကိစ္စတွေမှာ အသုံးပြုရမှာ ဖြစ်လို့ပါ။ အခြေခံအဆောက်အအုံနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ ပြောခဲ့ကြပြီးပါပြီ။ ဒီနေရာမှာလည်း မေးခွန်းတစ်ခု ရှိပါလိမ့်မယ်။ ဒါတွေကို ဘဏ္ဍာငွေ ဘယ်လိုမတည်မလဲ ဆိုပြီးတော့ပေါ့။ အခြေခံအဆောက်အအုံ စီမံကိန်းတွေ အတွက် ဘဏ္ဍာငွေ မတည်နိုင်မယ့် ဆန်းသစ်တီထွင် နည်းလမ်းတွေ အများကြီးတော့ ရှိပါတယ်။ သေချာတာတစ်ခုက အစိုးရဘက်ကတော့ အဲဒါတွေအားလုံးကို အသုံးချရမှာပါ။ အဲဒါတွေ အားလုံးထဲမှာ အဓိကအကျဆုံးက အခွန်ကောက်ခံခြင်းပါ။ ဒီနေရာမှာ ပျမ်းမျှ နိုင်ငံသားတိုင်းကို အခွန်ကောက်မှာလား။ ဒါမျိုးကိုတော့ ကျွန်တော်တို့ မလိုလားပါဘူး။ ဒါပေမယ့် အခွန်အကောက် တွေဟာ နိုင်ငံအကျိုးဖြစ်ထွန်းမယ့် နေရာတွေမှာ အသုံးပြုတယ်ဆိုတာကိုတော့ နိုင်ငံသားတိုင်းလိုလို သဘောပေါက်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနေရာမှာ အစိုးရတွေဟာ အခွန်တွေကို နည်းမှန် လမ်းမှန် အသုံးပြုနေသလား။ နိုင်ငံကို ကူညီတိုးတက်အောင် တကယ်တမ်း လုပ်နေသလား ဆိုတာကို သေချာစေဖို့အတွက် မဲပေးရွေးချယ်ရမှာက နိုင်ငံသားတိုင်းရဲ့ အရေးကြီး တာဝန် ဖြစ်ပါ တယ်။ ဒါက သိပ်ကိုထင်သာမြင်သာ ရှိပါတယ်၊ ဒါပေမယ့် သေချာတာတစ်ခုက အခွန်စနစ်ကတော့ ပြုပြင်ပြောင်းလဲဖို့ လိုနေပါပြီ။ အခွန်ဝင်ငွေတွေ ပိုရှာနိုင်ဖို့ လိုနေပါပြီ။ ဒါပေမယ့် သင့်တင့်မျှတတဲ့ နည်းလမ်းတစ်ခုနဲ့တော့ လုပ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားတစ်ဦးချင်း ဝင်ငွေ အခြေအနေအရ ပြည်သူအားလုံးကို အခွန်ကောက်ခံတာမျိုး ခင်ဗျားလည်း မြင်ချင်မှာမဟုတ်ပါဘူး။ ဥပမာ ပြောရင်ပေါ့့လေ ပြည်သူ အများစုကတော့ ဝင်ငွေခွန်အောက်မှာ တကယ်ပဲ မကျရောက်သင့်ပါဘူး။ ဒီလိုမျိုး အခြေအနေမျိုးနဲ့ မကြုံသင့်ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ အထက်ပိုင်းအလွှာ လူတန်းစားဆီကတော့ အခွန်တွေ ကောက်ခံရရှိနိုင်ပါတယ်။ ငွေကြေးအများကြီး ပိုင်ဆိုင်ထားသူတွေဆီကပေါ့။ နောက်ပြီး အခြား နယ်ပယ်တွေကနေလည်း အခွန်ကောက်ယူနိုင်ပါသေးတယ်။ ယူနီဖောင်း အခွန်အကောက်လိုမျိုးကို ကောက်ခံနိုင်ပါတယ်။ ဒါက အခွန်ဝင်ငွေ ကောက်ခံရရှိမှုအပိုင်းမှာရော ကျိုးကြောင်းဆီလျော်မှု အပိုင်းမှာပါ သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိစေပါလိမ့်မယ်။ ကုန်စည်ပစ္စည်း အမျိုးအစား အားလုုံး အပေါ်မှာ အကျုံးဝင်မယ့် အခွန်အကောက်တွေလိုမျိုး အရာတွေကို စနစ်တကျ လုပ်ကိုင်ရင်းနဲ့လည်း ဆောင်ရွက်သွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ အခွန်ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ လုပ်ကိုင်ရမယ့်ကိစ္စနှစ်ခု ရှိပါတယ်။ ဒါကိုလည်း လုပ်နေပါတယ်။ အစိုးရအနေနဲ့ အခွန် ပြုပြင် ပြောင်း လဲမှုကို နှစ်မြုပ်လုပ်ကိုင်နေပါတယ်။ ခုလက်ရှိ ပြည်တွင်းအခွန် ဦးစီးဌာနမှာ တကယ့်ကို အားစိုက် လုပ်နေပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတာဝန်နှစ်ခုဆိုတာကတော့ အခွန်ငွေ စုဆောင်းရရှိဖို့ ဆိုတာနဲ့ အခွန်ကောက်ခံမှုကို မျှတနည်းလမ်းကျအောင် လုပ်ဖို့ ဆိုတာတို့ဖြစ်ပါတယ်။ ဒီတော့ အဲဒါတွေက တစ်လှည့်စီ လုပ်ကိုုင်နေပါပြီ။ ဒီနှစ်ခုကို အတူတကွ လုပ်သွားဖို့လည်းလိုပါတယ်။ ဘာလို့လဲ ဆိုတော့ အခွန် ပြုပြင်ပြောင်းလဲမှုဆိုတာက နိုင်ငံရေးအရ ထောက်ခံအားပေးမှုလည်း လိုအပ်လို့ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုတာက ပြည်သူတွေက သင့်တင့်မျှတစေချင်တဲ့ စိတ်ဆန္ဒရှိတဲ့အတွက် ဒီလို အစီအစဉ် အသစ်တွေကလည်း သင့်တင့်မျှတဖို့ လိုပါတယ်။

မေး - နိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်မှုကို တိုးတက်စေဖို့နဲ့ပတ်သက်လို့ ပြောရရင် ၂၀၁၇ ရင်းနှီးမြှုပ်နှံမှု  ဥပဒေနဲ့ ၂၀၁၇ ကုမ္ပဏီများ ဥပဒေ ကို ဘယ်လို မြင်ပါသလဲ။

ဖြေ - ဒီအစိုးရ တက်လာပြီး နိုင်ငံစီးပွားရေး တိုးတက်မှုကို မောင်းနှင်ဖို့ ရည်ရွယ်ပြီး ဥပဒေသစ်တွေ အများကြီး ပေါ်လာတဲ့အနက် အရေးပါဆုံး ဥပဒေနှစ်ခုက ဒီ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ကုမ္ပဏီများ ဥပဒေ တို့ဖြစ်ပါတယ်။ ပထမတစ်ခု ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ အရေးကြီးဆုံး အပိုင်းက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချရစေမယ့့် သေချာမှုတစ်ခုကို ပေးခြင်း ဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက် ပြီးခဲ့တဲ့ ကာလတုန်းကဆိုရင် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ချို့ သူတို့ ပြဋ္ဌာန်း ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေက သီးခြားသက်သက်စီ ဖြစ်ခဲ့ပါတယ်။တစ်ခုက နိုင်ငံခြားသား တွေအတွက်၊ နောက်တစ်ခုက ပြည်တွင်းက လူတွေအတွက်ပေါ့။ ဒီတော့ ခုလက်ရှိ အစိုးရ လက်ထက်မှာတော့ သေချာကြည့်ပြောရမယ်ဆိုရင် နိုင်ငံ့ခြားသားတွေကို ပေးတဲ့ တစ်ပန်းသာမှုက ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေကိုလည်း အလားတူ ပေးသင့်တဲ့ ဆိုတဲ့ကိစ္စပါ။ ဒီတော့ ဥပဒေနှစ်ခုကို အတူပေါင်းလိုက်ပြီးတော့ ခုကျတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုပဲ ရှိပါတော့တယ်။ ဒါပေမယ့် သေချာတာတစ်ခုက ခုချိန်မှာ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေရော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူတွေပါ ဒီ မြန်မာနိုင်ငံမှာ လုံခြုံဘေးကင်းစွာ ရင်းနှီးလုပ်ကိုင်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလတုန်းက မြန်မာနိုင်ငံရဲ့ ကာလရှည်သမိုင်းကြောင်း ဘယ်လိုရှိခဲ့တယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ကြသလိုပါပဲ။ မကြာခဏ ဆိုသလို ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့တွေရဲ့ မြေ၊ အိမ်ယာအဆောက်အအုံတွေကို အစိုးရရဲ့ သိမ်းပိုက်မှုကို ခံရလေမလားဆိုတဲ့ မသေချာ မရေရာမှုတွေနဲ့ ကြုံခဲ့ကြရပါတယ်။ ဒီတော့ ပထမတစ်ချက်က ဒီလို သမိုင်းကြောင်း တစ်ခုရှိခဲ့တဲ့ အတွက် မြန်မာလိုမျိုး နိုင်ငံတစ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ ပကတိ ပထမဆုံးသော လုပ်ရမယ့် အလုပ်က ခုနလိုမျိုး အာမခံချက်မျိုး ပေးဖို့ဖြစ်ပါတယ်။ ခင်ဗျားသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဆိုရင် ခင်ဗျားရဲ့ မြေ၊ အိမ်ယာ အဆောက်အအုံကို ပြန်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုအတွက် လုံခြုံစိတ်ချမှု ရပါလိမ့်မယ်။ ဒီတော့ ဒီမှာ ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ဒီတော့့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ အရေးကြီးဆုံး အချက်က အဲဒါပါ။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးအားပေးလုပ်နိုင်မယ့် ပိုမို လွယ်ကူအောင် လုပ်ပေးနိုင်မယ့့် ဗျူရိုကရေစီ ယန္တရားကို လျှော့ချပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတစ်ချို့ကို လျှော့ချပေးနိုင်မယ့် ဒီမှာ အခွန်အကောက်တွေ လျှော့ပေါ့့ပေးနိုင်မယ့် အခြားသော လုပ်ဆောင် ချက်တွေလည်းရှိပါဦးမယ်။ ဒါကတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ။ ကုမ္ပဏီများ ဥပဒေနဲ့ပတ်သက်လို့ ပြောရရင် ဒါကလည်း အရမ်းကို စိတ်ဝင်စားစရာ ဥပဒေတစ်ခုပါ။ ဒါကတော့ လက်ရှိရှိနေတဲ့ ဥပဒေ မူဘောင်တစ်ခုကို နောက်ထပ် အဆက်အစပ်တစ်ခု ပေးလိုက်တယ်လို့ ကျွန်တော် မြင်ပါတယ်။ နောက်ထပ် သေချာရေရာမှုတစ်ခု တည်ငြိမ်မှု တစ်ခုကို ထပ်ဖြည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို အားပေးနိုင်မယ့် အမြင်တစ်ခုနဲ့ ကြည့်ပြောရင် သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အခြေအနေတစ်ချို့ကြောင့် ဒီကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ချို့ ဝင်မလာဘူး။ ဒီအပေါ်မှာ အစိုးရဘက်ကလည်း အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို အားပေးအားပေးနိုင်မယ့် အားထုတ် ကြိုးပမ်းမှု အများအပြားလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း သိထားတယ်။ ဒီ ကုမ္ပဏီများ ဥပဒေကတော့ ဒါနဲ့ ပတ်သက်တဲ့ တစ်စိတ်တစ်ပိုင်းပေါ့။

ခင်ဗျားအနေနဲ့ ကုမ္ပဏီများ ဥပဒေကို လေ့လာကြည့်မယ်ဆိုရင် အဓိက ပေါ်လွင်တိုးထွက်နေတဲ့ အပိုင်းတစ်ခု ရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ဒီကုမ္ပဏီများ ဥပဒေတွင်းမှာ ပြောထားတာ တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပြည်တွင်းလုပ်ငန်းတစ်ခုမှာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင် နိုင်တယ်ဆိုတာပါ။ ပြီးတော့ အဲဒီ ပြည်တွင်းလုပ်ငန်းကလည်း မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတစ်ခု အဖြစ် ဆက်ပြီးသတ်မှတ်ခံရမယ်ဆိုတာပါ။ ဒီတော့ အဲဒါက မြန်မာလုပ်ငန်းတစ်ခုရဲ့ အခွင့်အရေး အားလုံး ရှိနေတယ်။ ဒါက အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် မြေလိုမျိုး အရာတွေအတွက်ပေါ့။ ဒီတော့ မြေကို ပိုင်ဆိုင်ဖို့ မြန်မာနိုင်ငံသား ဒါမှမဟုတ် မြန်မာကုမ္ပဏီတစ်ခု ဖြစ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီများ ဥပဒေသစ်မှာ ပြောထားတာက ဒါက မြန်မာကုမ္ပဏီတစ်ခု ဖြစ်ချင်ဖြစ်နိုင်ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းလည်း အဲဒီမှာ ရှိနိုင်တယ် ဆိုတာပါ။ ပြီးတော့ ကုမ္ပဏီက မြေ၊ အဆောက်အအုံနဲ့ အခြား ပိုင်ဆိုင်ပစ္စည်းအားလုံးကို ဆက်လက်ပိုင်ဆိုင်ထားမယ်။ ဒီတော့ တစ်ပြိုင် နက်တည်းမှာပဲ ခင်ဗျားအနေနဲ့ မြန်မာပိုင်လုပ်ငန်တွေလည်း ရှိမယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကိုလည်း ရယူနိုင်မယ်။ ပြီးတော့ အတိတ်ကာလက မြေ၊ အဆောက်အအုံပိုင်ဆိုင်ခွင့်လိုမျိုး ကိစ္စတွေနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေလည်း ကြုံရဖို့ မရှိဘူး။ ဒီတော့ ကျွန်တော် စဉ်းစားကြည့်တယ်။ ဒီ ဥပဒေနှစ်ခုစလုံး (ကုမ္ပဏီင်္များဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ) တွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးနေတယ်ဆိုတာပါ၊ ပြည်တွင်းရော၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ အားပေးနေပါတယ်။

မေး - မြန်မာနိုင်ငံမှာ ကော်ပိုရိတ် စီမံခန့်ခွဲမှု အခြေအနေအပေါ်မှာရော ဘယ်လို မြင်ပါသလဲ။ လုပ်ဆောင်စရာတွေ ကျန်နေပါသေးသလား။

ဖြေ - ကော်ပိုရိတ် စီမံခန့်ခွဲမှု ဆိုတာက ဖွံ့ဖြိုးဆဲနဲ့ အသွင်ကူးပြောင်းနေတဲ့ စီးပွားရေးနိုင်ငံတွေမှာ အမြဲလိုလို ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ သူတို့ဟာ တစ်ခြား နေရာတစ်ချို့ကနေ ကူးပြောင်း နေလို့ဖြစ်ပါတယ်။ အဲဒီ တစ်ခြားနေရာကလည်း အမြဲပဲ ဒီကော်ပိုရိတ် စီမံခန့်ခွဲမှု ကိစ္စတွေက တကယ်ပဲ ပြဿနာဖြစ်နေခဲ့တဲ့ အခြေအနေတစ်ခု ဖြစ်နေတတ်ပါတယ်။ ပြီးတော့ သေချာတာက ဒါက မြန်မာနိုင်ငံမှာလည်း ဖြစ်နေတဲ့ ကိစ္စတစ်ခုပါ။ တကယ်ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်၊ ဒါမှမဟုတ် ခြောက်နှစ် လောက်အထိ ကမ္ဘာပေါ်မှာ ဒီကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုတဲ့ စကားလုံးနှစ်လုံးကို လုံးဝကို ပြောဆို ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ကျွန်တော်တို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒီတော့ ဒါနဲ့ပတ်သက်လို့ စိန််ခေါ်မှုကြီးတွေ ရှိပါတယ်။ နောက်ပြီး ဒီ ကော်ပိုရိတ် စီမံခန့်ခွဲမှုက နိုင်ငံတကာမှာ ပေါ်ပေါက် လာနေတဲ့ ကိစ္စတစ်ခု  ဖြစ်နေပါပြီ။ ကျွန်တော်ဆို သြစတြေးလျကနေ လာခဲ့တယ်။ အဲဒီမှာ ပြီးခဲ့တဲ့ ၁ဝနှစ်၊ ၁၅ နှစ်တုန်းက ဒီ ကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုတာ ခုအခါလိုမျိုး မဟုတ်သေးဘူး။ ခုကတော့ အဲဒါက ကျယ်ပြန့်တဲ့ စီးပွားရေးမှာ ကုမ္ပဏီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအတွက် မရှိမဖြစ် လိုအပ်နေပါပြီ။ ဒီတော့ ကျွန်တော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာလည်း ရေရှည်တိုးတက်မှု ရှိထားတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ နောက်ပြီး သတင်းတွေထဲမှာ နေ့စဉ် ဖတ်နေရသလိုပဲ လုပ်ကိုင်နေကြတဲ့အလုပ်တွေလည်း အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကော်ပိုရိတ် စီမံခန့်ခွဲမှုကို ဆွဲတင်ပေးဖို့အတွက် ရည်ရွယ်လုပ်ကိုင်နေတဲ့ စိတ်ဝင်စားစရာ အဖွဲ့အစည်းတစ်ချို့ ရှိပါတယ်။ ဆက်သွားရမယ့် လမ်းက အရှည်ကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ တော်တော်လေးကို အကောင်းမြင်ထားပါတယ်။ ကျွန်တော့်အတွက်ကတော့ မြန်မာမှာက ကော်ပိုရိတ် စီမံခန့်ခွဲမှုလိုမျိုး နယ်ပယ်တွေမှာ သိသာထင်ရှားတဲ့ ချဉ်းကပ်ဝင်ရောက်လုပ်ကိုင်မှုတွေ ရှိထားပြီးပါပြီ။  ဒီမှာရှိနေတဲ့ စံနှုန်းက လွန်ခဲ့တဲ့ နှစ်တွေတုန်းကထက် တော်တော်လေးကို မြင့်နေပါပြီ။

မေး - မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့ရော ပြောရရင် ဘယ်လိုအခြေအနေ ရှိနေပါသလဲ။

ဖြေ - နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဇာတ်လမ်းတစ်ပုဒ်လုံံးကတော့ အတော်လေးကို စိတ်ဝင်စားစရာ ကောင်း ပါတယ်။ ပြီးခဲ့တဲဲ့ငါးနှစ်လောက်တုန်းက တစ်ယောက်ယောက်က ဒါနဲ့ပတ်သက်လို့ လေ့လာကြည့် ခဲ့မယ်ဆိုရင် ဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အတော့်ကို တိုးတက်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ အဲဒီ အချိန်တုန်းက မြန်မာနိုင်ငံဟာလည်း ပထမဆုံး ဖွင့်လှစ်ပေးခဲ့တဲ့အချိန်ပေါ့။ ကျွန်တော်တို့ မကြာမကြာ ပြောခဲ့သလိုပဲ၊ ခပ်နိမ့်နိမ့် သီးနေတဲ့ အသီးကို ချက်ချင်း လှမ်းဆွတ်လိုက်လို့ ရတယ်ဆိုသလိုမျိုးပေါ့။ ဒီတော့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း တကယ့်ကို အလုံးအရင်းနဲ့ ဝင်လာခဲ့ပြီး အရမ်းကို မြင့်မားတဲ့ အဆင့်တွေအထိ ရောက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထင်သာမြင်သာအရှိဆုံး ဥပမာက တယ်လီကွန်း လုပ်ငန်းထဲမှာပေါ့။ ကျွန်တော်တို့ သိခဲ့တဲ့အတိုင်းပဲ တယ်လီကွန်း လုပ်ငန်းဆိုတာက အရင်တုန်းကဆိုရင် အစိုးရနဲ့ပဲ အားလုံး ပတ်သက်ဆက်နွယ်ခဲ့တယ်လေ ဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အရင်မပြောနဲ့ဦး။ တကယ့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမျိုးတောင် အဲဒီမှာ အရင်က မရှိခဲ့ပါဘူး။ အဲဒီမှာ ရုတ်တရက် ဖွင့်လိုက်ချိန်မှာပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းမှာ ဝင်လာခဲ့တယ်။ အဲဒီမှာပဲ ကြီးမားတဲ့ တယ်လီကွန်းကုမ္ပဏီကြီးတွေ ကျွန်တော်တို့ဆီမှာ ပေါ်လာခဲ့ကြတယ်။ တယ်လီနော၊ အော်ရီဒူး စသဖြင့်ပေ့ါ။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာလည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တွေ့ခဲ့ရတယ်။ ခုကျတော့ အစောပိုင်းတုန်းက အရှိန်နှုန်းမြန်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ချို့က တစ်ဖြည်းဖြည်း ပြန်အရှိန်လျော့သွားတာကို ကျွန်တော်တို့ စပြီးတွေ့လာခဲ့ရပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုက ပိုခက်ခဲတဲ့ ကိစ္စတစ်ခုလို ဖြစ်လာပါတယ်။ ပြီးတော့ တစ်ချို့နေရာတွေမှာ ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုလိုမျိုး ဖြစ်လာပါတယ်။ ဒါပေမယ့် တယ်လီကွန်းလုပ်ငန်းက အရမ်းအရမ်းကို အရေးကြီးပါတယ်။ ဒီလုပ်ငန်းကို လျှော့ပြောတာမျိုး ကျွန်တော် ဆန္ဒမရှိပါဘူး။ ဒီနောက်မှာမြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ၊ ဥပဒေတွေ၊ မြန်မာ ပြည်သူတွေအပေါ်မှာ မှီခိုဖို့လိုတဲ့ အခြားသော ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီတော့ ဒါကပိုပြီး စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဘာလို့ဆိုတော့ စီးပွားရေးမှာ ရှိနေတဲ့ ခြေကုပ်ကိုက ပိုကြီး နေလို့ပါ။ ဒါက ကျွန်တော် အစောပိုင်းက ပြောခဲ့သလို ပိုလွယ်ကူတဲ့ အရာမျိုး မဟုတ်တော့ပါဘူး။ ဒါက ပြည်တွင်းဌာနအဖွဲ့အစည်းတွေ၊ ပြည်တွင်းက အရင်းအမြစ်တွေ၊ ပြည်တွင်းက အခြေခံ အဆောက် အအုံတွေအပေါ် မှီခိုအားပြုဖို့လိုတဲ့ အရာတွေဖြစ်ပါတယ်။

ဒီတော့ ပုံမှန်အားဖြင့်တော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI က ကနဦးပိုင်းမှာ တကယ်ပဲ အရှိန်ရလာမယ်လို့ ခင်ဗျား မျှော်လင့်ခဲ့ပါလိမ့်မယ်။ ဒါက ခုချိန်မှာ စပြီး ပြန်အရှိန်လျော့ကျ လာနေ ပါတယ်။ ပြီးတော့ အခြေခံအားဖြင့် ပိုခက်ခဲလာနေပါတယ်။  ဒါကို မြန်မာနိုင်ငံမှာ ကျွန်တော်တို့  တွေ့နေခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာကလည်း ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာတစ်ချို့နဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ NLD အစိုးရ ရွေးကောက်ခံရခြင်းနဲ့အတူ FDI ကလည်း တကယ့်ကို အမြင့်ဆုံး တက်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေကလည်း ရှိနေခဲ့တယ်။ ဘာလို့ဆိုတော့ နိုင်ငံတကာရဲ့ မျှော်မှန်းချက်တွေ NLD ရွေးကောက်ပွဲနိုင်ခဲ့ခြင်းအပေါ် ကမ္ဘာတစ်ဝှမ်း ပျော်ရွှင်ခဲ့မှုတွေကြောင့် ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက အတော်လေးကိုခံစားခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံံး ခံစားသိရှိခဲ့ကြမယ်လို့ ထင်ပါတယ်။ စိတ်လှုပ်ရှားမှုပေါ့။ အထူးသဖြင့် အနောက်အုပ်စု၊ ဥရောပ၊ မြောက်အမေရိကနဲ့အခြားဒေသတွေဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာ လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အများကြီး ဖြစ်ပေါ်ခဲ့တယ််လေ။ ခုကတော့ အဲဒီ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ ဘာပဲဖြစ်ဖြစ် အရမ်းကို မြင့်လွန်းနေခဲ့တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မှန်းခဲ့သလို ခုချိန်မှာ ဖြစ်မလာခဲ့ဘူးလေ။ ခုဆိုရင် အနောက်နိုင်ငံတွေက ကုမ္ပဏီ အများစုကတော့ ဒီက ခက်ခဲတဲ့အခြေအနေတွေနဲ့ ပတ်သက်ဖို့ ဆန္ဒမရှိဘဲဖြစ်နေခဲ့ပါတယ်။ ဥရောပနဲ့ မြောက်အမေရိကက ကုမ္ပဏီတွေနဲ့ပတ်သက်လို့ စဉ်းစားကြည့်မယ်ဆိုရင် သူတို့တွေက သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ထောက်ကူနိုင်မယ့်ပတ်ဝန်းကျင် ရှိတဲ့ နေရာ၊ အရမ်းကောင်းတဲ့ ဥပဒေတွေကို အသုံးပြုနိုင်မယ့် နေရာ၊  စီးပွားရေးနဲ့ပတ်သက်လို့ ကာလကြာ တည်ရှိနေတဲ့ ဥပဒေတွေ ရှိနေတဲ့နေရာ၊ သူတို့နဲ့ အကျွမ်းတဝင်ဖြစ်မယ့်နေရာ၊ အနည်းနဲ့အများ အခြေခံအဆောက်အအုံတွေကို အကောင်းဆုံး အသုံးချပြီး အလုပ်လုပ်နိုင်မယ့် နေရာ တွေကိုပဲ သူတို့က အကျွမ်းတဝင်ဖြစ် အသုံးချ ဝင်ရောက်လုပ်ကိုင်ချင်ကြပါတယ်။ သူတို့ရှာနေတဲ့ နေရာမျိုးက မြန်မာနိုင်ငံမှာ ဒါမှမအဟုတ် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှာတွေ့မယ့် အခြေအနေမျိုး၊ နေရာမျိုးတော့ လောလောဆယ် မဟုတ်သေးပါဘူး။ ဒီတော့ အနောက်အုပ်စုု ကုမ္ပဏီတွေဆီကနေ တကယ်တမ်း ရလာမယ့် အရာတွေ အပေါ်မှာ ကျွန်တော်တို့ မျှော်မှန်းထားခဲ့တာတွေက ဘာပဲဖြစ်ဖြစ် အရမ်းကို မြင့်လွန်းနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ နိုင်ငံရေးပြဿနာတွေ ရှိနေခဲ့ပါတယ်။ ရခိုင်ဒေသအပါအဝင် အခြား ဒေသတစ်ချို့က ဖြစ်စဉ်တွေကြောင့် ဘာပဲဖြစ်ဖြစ် အနောက်အုပ်စုက ရင်းနှီးမြှုပ်နှံမှုအများအပြားကို စိုးရိမ်ထိတ်လန့်စေတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီတော့ကာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဇာတ်ကြောင်းမှာ အနုတ်လက္ခဏာဆောင်တဲဲ့ ကဏ္ဍတစ်ခုတော့ ရှိနေတယ်လို့ ဆိုရမှာပါ။ ဒါက နိုင်ငံရေးဘက်ခြမ်းက ဖြစ်ပါတယ်။ နောက်ပြီး ရခိုင်က ဖြစ်စဉ်တွေအပေါ် အနောက်အုပ်စု ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုန့်ပြန်မှုလို့ပဲ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ အရင်က  ဝင်လာ လိမ့်မယ်လို့ တွေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြားကတော့  ခုထိတော့ ရောက်မလာခဲ့သေးပါဘူး။ ဒါက ဝင်လာပြီး ပြန်ထွက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါက လုံးဝကို ရောက်မလာခဲ့တာပါ။ ဒီတော့ နိုင်ငံမှာ နိုင်ငံရေး အခြေအနေ တိုးတက်လာရင်တော့ ခုနအခြေအနေတွေလည်း လိုက်ပြီး တိုးတက်လာလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါကလည်း မြန်မာနိုင်ငံဟာ ဘာကြောင့် စိန်ခေါ်မှု အများကြီးနဲ့ ဆက်ရင်ဆိုင်နေရတာလဲ ဆိုတာနဲ့ ဘာကြောင့် နိုင်ငံရေးအခြေအနေက အဓိကကျတဲ့နေရာမှာ ဆက်ရှိနေတာလဲ ဆိုတာကို ခုနက အခြေအနေတွေက မီးမောင်း ထိုးပြသနေတယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စတင်တာဝန်ယူပြီးချိန်မှာ ငြိမ်းချမ်း ရေးကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့တယ်ပေါ့၊ ဒီတော့ကာ တကယ့် လက်တွေ့ ဖြစ်ပေါ် တိုးတက်မှု ဘယ်လောက်ရှိနေပြီလဲ။ နောက်ပြီး နိုင်ငံမှာ စီးပွားရေး အားကောင်းတက်ကြွမှုတစ်ခု ရဖို့ ဆိုရင် ငြိမ်းချမ်းရေးအပေါ် ဘယ်လို မူတည်နေပါသလဲ။

ဖြေ - ခု ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေခဲ့ပြီး သကာလပေါ့။ ကျွန်တော်တို့ လိုချင်သလိုမျိုး ဖြစ်မလာသေးတဲ့ အခိုက်အတန့်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြား သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒါကို ရှေ့တန်းတင် ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်၊ ပြဿနာတစ်ခုတော့ ရှိနေပြီ။ ဒါကို ကိုင်တွယ်ဖြေရှင်းသွားရမယ်ဆိုတာကို ကနဦး သူတို့ အသိအမှတ်ပြုထားပြီးလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်တိုင် ကိုယ်စားလှယ်အဖွဲ့တွေကို ဦးဆောင်ပြီး ဒေသတွင်း သွားလာခဲ့ပါတယ်။ အနောက်အုပ်စုဘက်ကိုရောပေါ့။ ဒါပေမယ့် အရှေ့တောင်အာရှဒေသအတွင်း တင်ပြချက်တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာတော့ သူ တော်တော်လေးအာရုံစိုက် အလေးထားခဲ့ပါတယ်။ ခင်ဗျား ပြောသလိုပဲ သိပ်မကြာခင်က ရခိုင်ဒေသမှာပေါ့။ ပြောရမယ်ဆိုရင် အဲဒီလို ဒေသဧရိယာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးနိုင်ဖို့ သူတို့ ကြိုးစားနေပါတယ်။ ဒါက တကယ်လည်း ခုချိန်မှာ လုပ်ကိုလုပ်ရမယ့် ကိစ္စတစ်ခုပါ။ ဒီ သတင်းစကားကို ပြန့်နှံ့အောင် လုပ်ဖို့လည်းလိုနေပါတယ်။ ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုပဲ၊ ဒီအစိုးရက သူတို့ လုပ်ကိုင်နေတာတွေကို ပြန့်အောင် အသိပေးဖြန့်ဝေမှုအပိုင်းမှာတော့ သိပ်မအောင်မြင်သလို ဖြစ်နေတယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း ဒီလိုမျိုး အားထုတ်ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ဘာပဲဖြစ်ဖြစ် ရှေ့မှာ အဓိက ဖြေရှင်းရမယ့် ကိစ္စတွေနဲ့လည်း ထိပ်တိုက်တွေ့ရဖို့ ရှိနေပါသေးတယ်။ ဒီလိုကိစ္စတွေကို ရှောင်လွဲသွားဖို့ မဖြစ်နိုင်ပါဘူး။ ကြည့်ကြဟေ့ ဒီလို ဒီလို ကိစ္စတွေတော့ ဖြစ်ထားတယ်။ ဒီတော့ ဒီနေရာကနေ ငါတို့ဘယ်လို သွားကြမလဲ ဆိုပြီးပြောရမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်အမြင်မှာတော့ ခုနပြောခဲ့တာတွေက ရင်းနှီးမြှုပ်နှံသူတွေကိုတော့ နှစ်သိမ့်ပေးနိုင်မယ် လို့တော့  ထင်ပါတယ်။ ဒီလို ပြောရတာကလည်း ဒါက စကားလှအောင် ပြောတာမျိုး မဟုတ်သလို ဖြေရခက်တဲ့  မေးခွန်းတွေကို ရှောင်တာမျိုးလည်း မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောတာပါ။ အိုကေ။ ဒါတွေကတော့ ပြဿနာရှိနေတဲ့ နေရာတွေဖြစ်တယ်။ ဒီတော့ ဒါက ငါတို့ လုပ်သွားရမယ့် ကိစ္စတွေဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

မေး - ရခိုင် အကျပ်အတည်းကရော မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိစေသလဲ။

ဖြေ - ရခိုင် အကျပ်အတည်းပြဿနာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု တစ်ခု သေချာပေါက် ဖြစ်စေခဲ့ပါတယ်။ ဒါကို ပြည်သူတွေဘက်ကလည်း အသိ အမှတ်ပြုလက်ခံဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီ ကိစ္စအပေါ်မှာ အာရုံစိုက်နေခြင်းက မမျှတ ဘူးလို့ မြန်မာပြည်သူတစ်ချို့က ထင်ကြပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကျပ်အတည်းက နိုင်ငံတကာ သက်ရောက်မှုတစ်ခု ရှိစေခဲ့ပါတယ်။ ဒီတော့ကာ ရခိုင်ပြည်နယ်က အခြေအနေတွေကို ပိုကောင်းအောင် လုပ်ဖို့က အကြွင်းမဲ့ အရေးကြီးလှတယ်ဆိုတာကို မြန်မာ ပြည်သူတွေ အပြည့်အဝ အသိအမှတ်ပြု လက်ခံသဘောပေါက်ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်။ အစိုးရဘက်က လုပ်ဖို့ကြိုးစားခဲ့သလိုမျိုး လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုကောင်းအောင်၊ ကုမ္ပဏီဥပဒေ ပိုကောင်းအောင်၊ ဘဏ်ပြုပြင်ပြောင်းလဲရေး၊ အခြေခံအဆောက်အအုံ  ဖွံ့ဖြိုးအောင်စသည်ဖြင့် ကျွန်တော်တို့ လုပ်လို့ရနိုင်ပါတယ်။ ဒီလိုမျိုး ကိစ္စတွေ ကျွန်တော်တို့ လုပ်သွားနိုင်ပါတယ်။ သို့ပေသော်ငြားလည်း ရခိုင်အခြေအနေ ပိုကောင်းမလာမချင်း၊ မြန်မာနိုင်ငံရဲ့ တစ်ခြားဒေသတွေက ပဋိပက္ခတွေ  လျော့ကျမသွားမချင်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေကို ဆွဲဆောင်တဲ့အပိုုင်းမှာ ပြဿာနာတစ်ခုနဲ့ ကျွန်တော်တို့ အမြဲပဲ ကျွန်တော်တို့ ကြုံနေရဖို့ ရှိပါတယ်။ ဒီတော့ကာ စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာက သီးခြားခွဲထားဖို့ အင်မတန် ခက်ပါတယ်။ တစ်ခါတရံ စီးပွားရေးပညာရှင်တွေက ဒါကို သီးခြားခွဲထားတာ လွယ်တယ်ဆိုပြီး ဟန်ဆောင် လုပ်ချင်လုပ်တတ်ကြပါတယ်။ စီးပွားရေးအပေါ်မှာပဲ သီးသန့် အာရုံစိုက်ပြီး လုပ်ချင် လုပ်တတ် ကြပါတယ်။ ကျွန်တော် အမြဲ ယုံကြည်ထားတာကတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ ဒီလိုမျိုး ခွဲထားလို့ရတဲ့ အရာတွေမဟုတ်ပါဘူး။ သူတို့တွေက တစ်ခုနဲ့တစ်ခု ပတ်သက်မှီတွယ်နေပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားလိုချင်တဲ့ ရလဒ်ကောင်းတွေ ရဖို့အတွက်ဆိုရင် ဒီနှစ်ခုစလုံးကို မှန်မှန်ကန်ကန် နေရာကျအောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီတော့ ရခိုင်အတွက်ရော၊ အခြား ဒေသတွေက  ပဋိပက္ခတွေ အတွက်ရော ကျွန်တော်တို့အနေနဲ့ အခြေအနေတွေကို အခြေခံအားဖြင့် ပိုကောင်းအောင် လုပ်သွားဖို့ လိုပါတယ်။ ဒီဟာနဲ့ပတ်သက်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ အခြား တာဝန်ရှိသူတွေ ရောကပါ အတော်လေး ကြိုးစားနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း စိန်ခေါ်မှုတွေကတော့ အတော်လေးကို ကြီးမားလှပါတယ်၊ ဒါပေမယ့် ဒါမျိုးတွေကိုလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဘာလို့ဆိုတော့ ဒါတွေ မရှိရင်လည်း ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့လိုချင်တဲ့ ကြီးမားတဲ့တိုးတက်မှုတွေ ရရှိလိမ့်မှာမဟုတ်ပါဘူး။

မေး - တရုတ်ဆိုရင် မြန်မာအပေါ်မှာ သြဇာလွှမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်၊ ဒီတော့ မြန်မာနဲ့ပတ်သက်လို့ သူတို့ရဲ့ ခါးပတ်လမ်း စီမံကိန်းအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

ဖြေ - တရုတ်က မြန်မာနိုင်ငံမှာ အရမ်းကို အရေးပါတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပါတယ်။ အမြဲတမ်း ဒီလိုဖြစ်ခဲ့သလို ဆက်လည်းဖြစ်နေဦးမှာပါ။ ဒီတော့ အဲဒီလို နိုင်ငံကြီးတစ်နိုင်ငံကို ခုနနေရာမှာ ခင်ဗျား ထားတယ်ဆိုရင် အဲဒါက အမြဲပဲ မြန်မာအပေါ်ကြီးမားတဲ့ သက်ရောက်မှုတစ်ခုတော့ ရှိနေပါလိမ့်မယ်။ ဒီတော့ တရုတ်ဟာ အမြဲပဲ မြန်မာရဲ့ အဓိက ကုန်သွယ်ဘက်နဲ့ ရင်းနှီးမြှုပ်နှံမှု ပါ့တနာဖြစ်နေမယ်ဆိုတဲ့ အချက်နဲ့ ကျွန်တော်တို့ စပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ပြောရမှာက မြန်မာအနေနဲ့ တရုတ်နဲ့ အကြား ဆက်နွယ်ပတ်သက်ရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုတာပဲဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ဆိုရရင် တရုတ်နဲ့အကြား ဆွေးနွေးတဲ့အခါမှာ မြန်မာဆီမှာ တရုတ်တို့ လိုချင်တာအကုန်လုံး ရှိတယ်။ ဒီတိုင်းပဲ တရုတ်ဆီမှာလည်း မြန်မာတို့လိုချင်တာ အကုန်ရှိတယ် ဆိုတဲ့အခြေခံနဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီတော့ တရုတ်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မယ့်အင်အား အများကြီးရှိတယ်။ တစ်ဘက်မှာလည်း မြန်မာဆီမှာ အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအများကြီးနဲ့ အခြားအရာတွေအကုန် ရှိတယ်။ ဒါပေမယ့် မြန်မာဆီမှာ တရုတ်တို့လိုချင်တာတွေလည်း အများကြီး ရှိနေတယ်။ တရုတ် ကုန်ပစ္စည်းတွေအတွက်လည်း သိပ်ကောင်းတဲ့  စျေးကွက်နေရာတစ်ခုဖြစ်တယ်။  တရုတ်တို့အတွက် စွမ်းအင်နဲ့ အရင်းအမြစ်ဆိုင်ရာ ဆွဲဆောင်မှုအားကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့အတိတ်တုန်းက တရုတ်တို့ စိတ်ဝင်စားခဲ့တဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ လမ်းကြောင်းတွေ ရှိတဲ့အနက်  တရုတ်တို့အနေနဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ အခြားနေရာတွေကို ဝင်ထွက် နိုင်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ တရုတ်ကို အများကြီး ကမ်းလှမ်းပေးနိုင်သလို တရုတ်ကလည်း မြန်မာအတွက် အများကြီး ကမ်းလှမ်းပေးနိုင်ပါတယ်။ ဒီတော့ကာ ဆိုလိုချင်တာက မြန်မာအနေနဲ့ တရုတ်နဲ့ ပတ်သက်ဆက်ဆံရာမှာ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်တာပါ။ မြန်မာအနေနဲ့ မိမိတို့ဟာ အချုပ်အချာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တယ်။ ကိုယ့်ခြေထောက်ပေါ်မှာပဲ ကောင်းကောင်းရပ်တည်နိုင်တဲ့ နိုင်ငံဖြစ်တယ်။ တရုတ်နဲ့ ဆက်ဆံမှုအားလုံးမှာ ယုံကြည်စိတ်ချရမှု၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ သွားနိုင်ပါတယ်ဆိုတာကို တရုတ်တို့ အသိအမှတ်ပြုအောင် လုပ်ရမှာဖြစ်ပါတယ်။ တရုတ်တို့ဘက်ကတော့ အဲဒီ ဖြည့်စွက် ဆက်ကြောင်းတစ်ခု ရှိနေပါတယ်။ ဖြည့်စွက်အချက်ပေါ့။ ခုဆိုရင် တရုတ်တို့ဟာ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု BRI စီမံကိန်းကြီးကို ဖြန့်ကျက်နေတယ်။ ကျွန်တော်တို့သိထားတဲ့အတိုင်း မြန်မာဟာလည်း ယင်း BRI မှာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါနေတယ်။ တရုတ်တို့အနေနဲ့ BRI ရဲ့ အစိတ်အပိုင်းအဖြစ် ဒေသတွင်းမှာ မီးရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းတွေ ချဲ့ထွင်ချင်နေပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာဆိုရင် မြန်မာက အဓိက ကျနေပါတယ်။ အဲဒီမှာအရေးပါတဲ့ အရာတွေကတော့ တရုတ်က ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံတွင်းက နေပြည်တော်၊ မန္တလေးကို ဖြတ်စုန်ဆင်းပြီး ဒီစင်္ကြန်မှာ ပါတဲ့ ကျောက်ဖြူအထိ သွားနိုင်မယ့် လမ်းတွေ၊ မီးရထားလမ်းတွေ ဖြစ်ပါတယ် နောက်ထပ် အပိုင်းတစ်ခုကတော့ ရန်ကုန်ကို ခွဲထွက်ဆင်းပြီး ရန်ကုန်မြို့မှာ ခရီးဆုံးမယ့် တစ်ခုပေါ့။  ဒီတော့ကာ မြန်မာနိုင်ငံမှာလည်း BRI ရဲ့ အောက်မှာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာအနေနဲ့ အခွင့်ကောင်းယူ အသုံးချလို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနေတဲ့ အဓိက ဆိုလိုရင်းအကြောင်းအရာကို ခင်ဗျားလည်း သိပါတယ်။ မြန်မာ နိုင်ငံဟာ အခြေခံအဆောက်အအုံ အများကြီးလိုနေတယ်ဆိုတာပါ။ တရုတ်တို့က အခြေခံ အဆောက်အအုံ တည်ဆောက်တဲ့နေရာမှာ သိပ်တော်ပါတယ် ။ ဒီတော့ ဒါနဲ့ပတ်သက်လို့ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးစီးပွားတွေ ရှိနေပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အမြဲ တစေတော့ မြန်မာအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို ကြည့်ရှုစောင့်ရှောက်ဖို့တော့  လိုပါတယ်။ ဒီတော့ကာ အခြေခံအဆောက်အအုံပိုင်းနဲ့ ပတ်သက်လို့ တရုတ်နဲ့အကြား ဆက်ဆံတဲ့နေရာမှာ မြန်မာဘက်က သေချာလုပ်ရမှာက ဒီအခြေခံ အဆောက်အအုံတွေက ကိုယ့်ဘက်က တကယ်တမ်း လိုချင်တဲ့ အရာတွေဖြစ်တယ်။ ဒါတွေက တရုတ်တို့ လိုချင်တဲ့ အခြေခံအဆောက်အအုံတွေ မဖြစ်စေရဘူးဆိုတာကို သေချာလုပ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ နှစ်ဘက် အကျိုးစီးပွား ဖြစ်ထွန်းစေဖို့လည်း လိုပါတယ်။ ဒါပေမယ့် မြန်မာဘက်ကတော့ ငွေကြေး မတည်ထောက်ပံ့မှုလိုမျိုး အပိုင်းတွေမှာ အထူး သတိထားဂရုစိုက်လုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ချေးငွေယူမယ်ဆိုရင် ဒီချေးငွေဟာ ရေရှည် ထားလို့ရမလား၊ ဒါမှမဟုတ် ဒါက ခုနက အခြေခံ အဆောက်အအုံတွေ ပေါ်ပေါက်လာချိန် စီးပွားရေးအရ ရလာမယ့် အကျိုးအမြတ်တွေနဲ့ကျမှ ပြန်ပေးလို့ ရနိုင်သလား ဆိုတာကို သေချာအောင် လုပ်ထားရမှာဖြစ်ပါတယ်။ ဒီတော့ ဆိုလိုချင်တာက တရုတ်နဲ့မှ မဟုတ်ပါဘူး၊ အခြားသော အိမ်နီးချင်း နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ မြန်မာဘက်က မျက်စိဖွင့်၊  နားဖွင့်ထားပြီး ငါတို့အတွက် အကျိုးအမြတ်က ဘယ်လိုမျိုး ရလာမှာလဲ၊ အခြား နိုင်ငံအားလုံး  လုပ်ကြသလိုမျိုး ဒါတွေက လေးစားအသိအမှတ်ပြုခံရမှာလား ဆိုတာကို သေချာရှင်းလင်းအောင် လုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဘယ်နေရာကနေ ငါတို့ ရှေ့ဆက် သွားနိုင်သလဲ ဆိုတာကို ခင်ဗျားအနေနဲ့အပြန်အလှန် သဘောတူထားရမှာ ဖြစ်ပါတယ်။ ဒီ စီးပွားရေး စင်္ကြန်နဲ့ပတ်သက်လို့ တရုတ်-မြန်မာအကြား ရှေ့လာမယ့် အရေးကြီးအစည်းအဝေးတွေမှာ ခုနက ပြောခဲ့တဲဲ့အတိုင်းပဲ မြန်မာအစိုးရဘက်က လုပ်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ထားမိပါတယ်။  မြန်မာအစိုးရအနေနဲ့ ဒီလို ဆွေးနွေးမှုမျိုးတွေကို သင့်တော်မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မှန်မှန် ကန်ကန် နည်းလမ်းတကျ လုပ်သွားနိုင်မယ်လို့ ထင်မိပါတယ်။ အဲဒီကနေတဆင့် ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့ ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။

မေး - မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင် အာရုံစိုက် ကူညီဖို့၊ ပြန်လည် ပါဝင် ကူညီလာဖို့အတွက် အနောက်အုပ်စုအစိုးရတွေကိုရော ဘယ်လိုမျိုး အားပေးလုပ်ဆောင် သွားနိုင် ပါသလဲ။

ဖြေ - အနောက်အုပ်စုနဲ့ပတ်သက်လို့ကတော့ အရေးအကြီးဆုံး လုပ်ရမှာက နိုင်ငံရေး အစီအမံတွေကို နည်းလမ်းတစ်ချို့နဲ့ ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ရခိုင်နဲ့အခြား ဒေသတစ်ချို့က အကျပ်အတည်းတွေကြောင့် မြန်မာနဲ့အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးအပေါ် ထိခိုက်ထားစေတယ်လို့ ကျွန်တော်တို့ သိထားတယ်လေ။  ပွင့့်ပွင့်လင်းလင်း ပြောရရင် နှစ်ဘက် စလုံးမှာတော့ တာဝန်တွေ ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ကတော့ ဒီက ဖြစ်ရပ်တစ်ချို့အပေါ် အနောက်အုပ်စုရဲ့ တုန့်ပြန်မှုက အနည်းအကျဉ်းတော့ တန်ပြန် ထိခိုက် မှုတွေ ရှိထားတယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ တုန့်ပြန်မှုတစ်ချို့က မြန်မာအစိုးရရဲ့ ပြဿနာဖြေရှင်းမှု တစ်ချို့အပေါ် အမှန်တကယ် ထိခိုက်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အားလုံး သိထားတဲ့အတိုင်း မြန်မာ့နိုင်ငံရေးကလည်း အင်မတန် ရှုပ်ထွေးပါတယ်။ ဒီတော့ အရေးကြီးတာက အနောက်အုပ်စုနိုင်ငံတွေရော၊ ကျန်နိုင်ငံတွေအနေနဲ့ ဒီလို ရှုပ်ထွေးမှုမျိုးကို လက်ခံအသိအမှတ်ပြုဖို့က အရမ်းအရေးကြီးပါတယ်။ ရခိုင်က အခြေအနေတွေအပေါ် သူတို့ တုန့်ပြန်တဲ့အခါမျိုးမှာပေါ့။ ဒီလိုမျိုး သူတို့ရဲ့ တုန့်ပြန်လုပ်ဆောင်မှုတွေဟာ လက်ရှိအခြေအနေကို ကူညီပေးရာ ရောက်အောင်၊ နောက်ပြီး နှစ်ဘက်စလုံး အကျိုးမဲ့မှာထက်စာရင် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းတွေနဲ့ ကူညီပေးရာ ရောက်အောင် လုပ်ရမှာဖြစ်ပါတယ်။
ဒီတော့ လုပ်ဖို့ လိုတာက အနောက်အုပ်စုနိုင်ငံတွေနဲ့ မြန်မာအကြား ဆွေးနွေးမှုတစ်ခု လုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အလေးပေးလုပ်ရမယ့်အချက်က ဒါက အပြန်အလှန် ဆွေးနွေးမှု တစ်ခု သက်သက် ဖြစ်ရုံနဲ့ မရပါဘူး။ ကျွန်တော့်အမြင်မှာ  မြန်မာဘက်ကလည်း ရခိုင်နဲ့ အခြားဒေသ တွေက ပြဿနာတစ်ချို့ကို ကိုင်တွယ်ရာမှာ ရိုးသားစွာ၊ နောက်ပြီး ရဲရဲရင့်ရင့် လုပ်ပြဖို့ လိုပါတယ်။ ဒီလိုလုပ်သွားရင်း နောက် ရင့်ကျက်တဲ့အခြေအနေတစ်ခုထဲ ဝင်သွားတဲ့အခါ၊ အနောက်အုပ်စုနဲ့ အကြား စဉ်းစားချင့်ချိန်နိုင်တဲ့ ဆွေးနွေးမှုတွေ လုပ်သွားရင်းနဲ့ပဲ ခင်ဗျားအနေနဲ့ ရလဒ်တစ်ခုကို လက်တွေ့ရရှိလာပါလိမ့်မယ်။

ဒါပေမယ့် ဒါရဲ့ အစိတ်အပိုင်းတစ်ခုကတော့ ဆက်သွယ်ရေး ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော် အထက်ပိုင်းမှာ ပြောခဲ့သလိုပဲ Communications ဆိုတဲ့ ဆက်သွယ်မှုက ပြဿနာတစ်ခုလိုမျိုး ရှိနေခဲ့တာပါ။ မြန်မာ့စီးပွားရေးကို လူတွေထင်တာထက် ပိုကောင်းအောင် လုပ်နေပါတယ်ဆိုတဲ့ အချက်ကို ဆက်သွယ်ပြောဆိုအသိပေးရာမှာ ပြဿနာ ရှိနေခဲ့တာပါ။ ဒီတော့ ဒီမှာဖြစ်နေတဲ့ ဆက်သွယ်ပြန်ကြားရေးက သိပ်အကောင်းကြီးမဟုတ်ဘဲ ဖြစ်နေတာပါ။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ဒီလိုနဲ့ပဲ အနောက်အုပ်စုနဲ့အကြား ဆက်ဆံရေးကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့သွားနိုင်ပါလိမ့်မယ်။ မြန်မာအနေနဲ့ ကိုယ်ဘာတွေကို ကြိုးစားလုပ်နေတယ် ဆိုတာနဲ့ ကိစ္စတွေ ကို ပိုမိုကောင်းမွန်အောင်  လုပ်သွားနေတယ်ဆိုတာတို့ကို ထိထိရောက်ရောက် တင်ပြနိုင်ဖို့ လိုတယ် လို့ ကျွန်တော် မြင်ပါတယ်။ အဲဒီလိုသာဆိုရင် မြန်မာနဲ့ အနောက်အုပ်စုအကြား ဆက်ဆံရေးက တကယ့်ကိုပဲ ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။

မေး - ဆရာ့ရဲ့ အကြောင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ပရိသတ်ကို နည်းနည်းလောက် ပြောပြပေးနိုင်မလား။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရော ဘယ်လောက်ကြာကြာ အကြံဉာဏ်ဆက်ပေးသွားဦးမှာလဲ။

ဖြေ - အိုး..။ ကောင်းပါပြီ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျွန်တော်သိတာ တော်တော်လေးတော့ ကြာခဲ့ပါပြီ။ ကျွန်တော် သူနဲ့ လူချင်းမတွေ့ခင် အချိန်အကြာကြီးကတည်းက သူ့ကို သိနေခဲ့တာပါ။ ဒါကြောင့် ကျွန်တော် မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြောင်း ပြီးခဲ့တဲ့ နှစ်တွေအကြာကြီး၊ နှစ် ၂၀ လောက် တုန်းကတည်းက ရေးလာခဲ့ပါတယ်။  ပြီးတော့ ဒီ မဇ္ဈိမ၊ နောက် ဘီဘီစီ၊ နဲ့ အခြား သတင်းဌာနတွေမှာ ကျွန်တော် ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကို သူကြားသိခဲ့ပါတယ်။ သို့ပေမယ့် သူလွန်ခဲ့တဲ့ နှစ်တွေ အတွင်း နေအိမ်အကျုယ်ချုပ်ကနေ မလွတ်ခင်အချိန်အထိ သူနဲ့ကျွန်တော် လူချင်း မတွေ့ခဲ့သေးပါဘူး။ နောက်ပိုင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်ခဲ့တယ်လေ။ သူနေအိမ် အကျယ်ချုပ်ကနေလွတ်တော့ ကျွန်တော် သူ့ကို သွားတွေ့ခဲ့ပါတယ်။ သူနဲ့အများကြီးလည်း ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။ ခုကနေ တွက်ကြည့်ရင် ပြီးခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်တုန်းကပေါ့။ အဲဒီ နောက်ပိုင်း ကျွန်တော့်ဘက်ကတော့ သူ့ကို ကျွန်တော်  တတ်နိုင်သလောက် ကူညီပေးလာခဲ့တာပါ။

ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာတော့ ကျွန်တော် ဒီကို ရောက်လာခဲ့တယ်။ နေပြည်တော်မှာ အချိန်ပြည့် လာရောက်နေထိုင်ခဲ့ပါတယ်။  စီးပွားရေးရာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် စွမ်းသလောက် ကူညီပေးခဲ့ပါတယ်။ ဒါဟာတကယ့့်ကို ဝမ်းမြောက်ကျေနပ်စရာလို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်။ သူဟာ တစ်ဘက်သားပြောတာကို အတော်လေးကို ဂရုတစိုက် နားထောင်တတ်တဲဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် ခက်ခဲတဲ့ မေးခွန်းတွေကိုလည်း ပြန်ထုတ်တတ်ပါ တယ်။ ကျွန်တော့်လိုမျိုး စီးပွားရေးပညာရှင်တွေကို ခပ်လွယ်လွယ် ကောက်ချက်ချ သုံးသပ်တာမျိုး သူမ မဖြစ်စေချင်ခဲ့ပါဘူး။  မေးသင့်မေးထိုက်တဲ့ မှန်ကန်တဲ့ မေးခွန်းတွေကို သူမေးခဲ့တယ်။ ကျွန်တော့် လို လူမျိုးကိုလည်း သူသတိဝီရိယ ရှိရှိ ဆက်ဆံခဲ့တယ်။ ဒါပေမယ့် ဒါက တကယ့်ကိုပဲ ထူးကဲတဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ဒီမှာ လုပ်နေတဲ့ အလုပ်ထက် ပိုအရေးကြီး တာကတော့ ဆက်ဆံရေးပေါ့။ မြန်မာနိုင်ငံက စီးပွားရေး ပညာရှင်တွေနဲ့အကြား ပိုမို ကျယ်ကျယ် ပြန့်ပြန့် ဆက်ဆံမှုပေါ့။ ဒီက ကျွန်တော်နဲ့အတူ လက်တွဲလုပ်ကိုင်တဲ့ စီးပွားရေး ပညာရှင်တွေကလည်း ပြုပြင်ပြောင်းလဲမှုတွေကို တကယ်မောင်းနှင်ပေးနေတဲဲ့ စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး မူဝါဒတွေ အားလုံးထဲမှာ ဒီလိုမျိုးနေ့တွေက နိုင်ငံခြားသားတွေ နှုတ်တိုက်ချပေး၊ လမ်းညွှန်ပေး၊ ရေးသားပေးတာတွေ မဟုတ်ပါဘူး။ ဒါတွေကို မြန်မာနိုင်ငံက အရမ်းတော်တဲ့ စီးပွားရေး ပညာရှင်တစ်ချို့ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ထားတာပါ။ လူအများစုကတော့ ဒီမတိုင်ခင်ကတော့ ကျွန်တော့်ကို ကြားဖူးကောင်း ကြားဖူး ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း မယုံနိုင်အောင် တော်တဲ့ စီးပွားရေး ပညာရှင် အများ အပြား ထွက်ပေါ်ထားခဲ့ပါတယ်။ သမိုင်းကြောင်းအရလည်း မှန်ကန်ပါတယ်။ ခုထိလည်း မှန်ကန် နေဆဲပါ။ ခု လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ မူဝါဒကောင်းတွေ လမ်းညွှန်မှုကောင်းတွေရဲ့ နောက်ကွယ်မှာ ဒီလိုမျိုး စီးပွားရေးပညာရှင်တွေ ရှိနေပါတယ်။ ဒီဟာက လတ်တလော နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့  နိုင်ငံရေး အခက်အခဲ တစ်ချို့ကို ကျွန်တော်တို့  ဘာကြောင့် ထိုးဖောက်ကျော်လွှားသွားနိုင်သလဲ ဆိုတာရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ မြန်မာ့ စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်မှု ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ် တွေ၊ မြန်မာ့စီးပွားရေး ပညာရှင်တွေဟာ တကယ့်ကို သူမတူအောင် ထူးခြားကြပါတယ်။

Mizzima Weekly