မကွေးမြို့နယ်တွင် GAP စနစ်ဖြင့် နှမ်းစိုက်ပျိုးမည့် ဧက ယမန်နှစ်ထက် နှစ်ဆကျော် ပိုများလာ

မကွေးမြို့နယ်တွင် GAP စနစ်ဖြင့် နှမ်းစိုက်ပျိုးမည့် ဧက ယမန်နှစ်ထက် နှစ်ဆကျော် ပိုများလာ
    (ဓာတ်ပုံ- တင်ရွှေ/မဇ္ဈိမ)

(မကွေး၊ မေလ ၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံအတွက် GAP စနစ်ဖြင့် နှမ်းစိုက်ပျိုးမည့် ဧကပေါင်း (၁၃,၅၀၀)ခန့်ရှိပြီး ယင်းပမာဏသည် ယမန်နှစ်ကထက် နှစ်ဆကျော် ပိုများလာသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားသည်။

ကောင်းမွန်သော စိုက်ပျိုးနည်းစနစ် အလေ့အကျင့်(GAP)ဖြင့် မကွေးမြို့နယ်တွင် ယမန်နှစ်က နှမ်းဧက ၅၀၀၀ ခန့်သာ စိုက်ပျိုးခဲ့သည့်အတွက် ယခုနှစ်တွင် နှစ်ဆကျော် တိုးမြှင့်စိုက်ပျိုးတော့မည့်သဘောလည်း ဖြစ်သည်။

“GAP စိုက်ပျိုးရေးနည်းနစ်ကို တောင်သူတွေ လိုက်ပါစိုက်ပျိုးလာကြတာက GAP စနစ်နဲ့ စိုက်ပျိုးတဲ့ သီးပင်၊ စားပင်တွေက အစားအစာ ဘေးကင်းလုံခြုံတယ်၊ ဈေးကွက်လည်း ဝင်တယ်။ ပုံမှန်စိုက်ပျိုးတဲ့ နှမ်းတွေထက် အာမခံချက်ရှိတဲ့အတွက် တောင်သူတွေက ဒီစနစ်ကို လိုက်ပါ စိုက်ပျိုးလာတာ” ဟု မကွေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးခိုင်မင်းက ပြောသည်။

GAP စနစ် ဆိုသည်မှာ စိုက်ပျိုးသည့် သီးနှံများအား ဓါတုပိုးသတ်ဆေး မဖြန်းဘဲ သဘာဝပိုးသတ်ဆေးကိုသာ အသုံးပြုခြင်း၊ စတင်စိုက်ပျိုးသည့် အချိန်မှ ရိတ်သိမ်းသည်အထိ မှတ်တမ်းများ ထားရှိခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးနည်းစနစ် ဖြစ်သည်။

“မကွေးမြို့နယ်မှာ မိုးဦးကျ မိုးအစိုဓာတ်ကောင်းရင် မြေပဲစိုက်ပျိုးတာ များပါတယ်။ မိုးအစိုဓာတ်နည်းရင်တော့ မြေပဲ စိုက်ပျိုးမှု နည်းနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြေပဲက နှမ်းစိုက်ပျိုးတာထက် အရင်အနှီးကြီးတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် နှမ်းကို GAP စနစ်နဲ့ စိုက်ပျိုးနိုင်အောင် တောင်သူတွေကို သင်တန်း ပို့ချထားပါတယ်” ဟု ဦးခိုင်မင်းက ဆိုသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ မကွေးမြို့နယ်တွင် ယခုနှစ် မိုးရာသီအတွက် နှမ်းဧက ၁၈၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားသည့်အတွက် တောင်သူအများစုက GAP စနစ်ထက် မိရိုးဖလာ နည်းလမ်းအတိုင်းသာ စိုက်ပျိုးကြရန် အားသန်နေသေးသည့် သဘော ဖြစ်သည်။

သို့သော် မကွေးမြို့နယ်အတွင်း ယမန်နှစ်က GAP စနစ်ဖြင့် စိုက်ပျိုးသည့် ကျေးရွာပေါင်း (၄၈)ရွာ ရှိခဲ့ရာမှာ ယခုနှစ်တွင် ကျေးရွာပေါင်း (၅၀)ကျော်တွင် စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် အနည်းငယ် တိုးတက်လာသည်ဟု ဆိုနိုင်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required