ဟွာဝေးနဲ့ ပတ်သက်တဲ့ သတင်းပေါက်ကြားမှုကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးကို ရာထူးက ဖယ်ရှား

ဟွာဝေးနဲ့ ပတ်သက်တဲ့ သတင်းပေါက်ကြားမှုကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးကို ရာထူးက ဖယ်ရှား

လန်ဒန်၊ မေ ၂ ။    ။ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဟွာဝေးနဲ့ ပတ်သက်တဲ့ သတင်းပေါက်ကြားမှုကို စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလီယံဆန်ကို ရာထူးကနေ ဧပြီ ၁ ရက်မှာ ဖယ်ရှားလိုက်ပါတယ်။

ဟွာဝေးကုမ္ပဏီကို 5G နက်ဝက်ခ် တည်ဆောက်ဖို့ ဗြိတိန်နိုင်ငံက ချွင်းချက်နဲ့ ခွင့်ပြုထားတယ်ဆိုတဲ့ သတင်း ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

“ဝန်ကြီးချုပ်က ဂါဗင်ဝီလီယံဆန်ကို အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားဖို့ ဒီကနေ့ ညနေပိုင်းမှာ ပြောဆိုခဲ့တာ ဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းတာနဲ့ အစိုးရကက်ဘိနက်အဖွဲ့ဝင် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု မရှိတော့ကြောင်း ပြောရင်း နုတ်ထွက်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်။”လို့ ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်းရုံးမှ ပြောခွင့်ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဧပြီ ၂၃ ရက်က အစည်းအဝေးက ဆွေးနွေးပြောဆိုမှုတွေကို အခွင့်အာဏာ မရှိဘဲ သတင်းတွေ ဖောက်သည်ချတာဟာ ဂါဗင်မှာ တာဝန်ရှိနေတယ်နေဆိုတာကို စုံစမ်းစစ်ဆေးမှု ရလဒ်တွေက ခိုင်မာတဲ့ သက်သေပြနိုင်ကြောင်း ဝန်ကြီးချုပ်က ဂါဗင်ထံ ပေးပို့လိုက်တဲ့ စာမှာ ရေးသားထားပါတယ်။

ဂါဗင်ကတော့ ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပါတယ်။

“အခု ဖြစ်ရပ်ဟာ တကယ့်အရေးတကြီး ကိစ္စရပ်ဖြစ်ပြီး တော်တော်လေး စိတ်ပျက်စရာလည်း ဖြစ်တယ်။”လို့ ဝန်ကြီးချုပ် ထရီဆာမေက ဖြည့်စွက်ရေးသားထားပါတယ်။

လက်ရှိမှာတော့ ဂါဗင်ဟာ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးခံရဖို့ ရှိနေပါတယ်။

ဂါဗင်ကလည်း ဝန်ကြီးချုပ်ထံ စာပြန်လည်ရေးသား တုံ့ပြန်ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကနေ ခုလို သတင်းပေါက်ကြားမှုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်အနေနဲ့ ဒီ ပေါက်ကြားမှုမှာ ဘယ်လိုမှ ပါဝင်ခဲ့တာ မရှိဘူးဆိုတာ ပြင်းပြင်းထန်ထန် ငြင်းဆန်ပါတယ်။ ထောင့်စေ့ပတ်စေ့ စုံစမ်းစစ်ဆေးမှု လုပ်မယ်ဆိုရင် ကျွန်တော် အပြစ်ကင်းကြောင့် တွေ့ရမှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။”လို့ ဂါဗင်က ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly