ရခိုင်စစ်အတွင်း သံသယဖြင့် ဖမ်းဆီးခံရင်းသေဆုံးသွားသည့် ရုပ်အလောင်းများ မိသားစုထံပို့ရန် အဆိုတင်

By အောင်အောင်ထူး
02 May 2019
ရခိုင်စစ်အတွင်း သံသယဖြင့် ဖမ်းဆီးခံရင်းသေဆုံးသွားသည့် ရုပ်အလောင်းများ မိသားစုထံပို့ရန် အဆိုတင်
ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာတွင် တွေ့ရသည့် ဒုက္ခသည်အချို့(ဓာတ်ပုံ - အောင်အောင်ထူး)

စစ်တွေ  | မေ ၂ ။      ။ ရခိုင်စစ်ပွဲအတွင်း တစ်ဖက်ဖက်သို့ အားပေးကူညီသူအဖြစ် သံသယဖြင့် ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ သေဆုံးခဲ့ သူများ၏ ရုပ်အလောင်းတို့ကို မိသားစုများထံ အပ်နှံလွှဲပြောင်းနိုင်ရေး ပြည်နယ်အစိုးရမှ ကြိုးပမ်းပေးရန် အဆို တစ်ရပ်ကို မေလ ၂ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ သည်။

ပြည်နယ်၏ အုပ်ချုပ်ရေးမြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသော ကျောက်တော် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးအပါအဝင် ဘူးသီးတောင်နှင့် ပလက်ဝ အစရှိသော မြို့နယ်များတွင် ဖြစ်ပေါ်နေသည့် မြန်မာ့ တပ်မတော်နှင့် ရခိုင့်တပ် AA တို့ကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပေါ်ပြီး ထိုသို့ ဖမ်းဆီးခံရမှုများ ရှိနေသည်။ သေဆုံးမှုများလည်း ရှိလာသည်။

သို့ရာတွင် ရုပ်အလောင်းများမှာ ကျန်ရစ်သော မိသားစုများထံ အပ်နှံခံရခြင်း မရှိသောကြောင့် ဓလေ့ထုံးတမ်း အစဉ်အလာအားဖြင့် ကွယ်လွန်သူများကို ကောင်းရာဘုံသို့ ရောက်ရှိစေနိုင်ရန် သရဏဂုံတင်ခြင်း၊ အမျှ ဝေခြင်းတို့ ပြုလုပ်နိုင်ရေး အခွင့်အရေးမှာ ဆုံးရှုံးနေရသည်။

ထို့ကြောင့် ယင်းသို့ တိုက်တွန်းအဆိုကို တင်သွင်းခဲ့ရခြင်းဖြစ်သည်ဟု အဆိုရှင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္ဈိမသို့ ပြောသည်။

“မိမိတို့မှာ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးများ ဖြစ်သည့်အလျောက် ဓလေ့ထုံးစံအရ ကွယ်လွန်သူများအား ကောင်းရာ၊ မွန်ရာရောက်စေရန် အလို့ငှာ သရဏဂုံတင်ခြင်း၊ ကုသိုလ်ကောင်းမှုလုပ် အမျှအတန်းပေးဝေခြင်း လုပ်ငန်းများကို ပြုလုပ်လေ့ရှိကြပါတယ်။ မည်သည့်ပုံစံဖြင့် သေသည်ဖြစ်စေ၊ သေဆုံ၏ ရုပ်အလောင်းကို ပစ်စလက်ခက်သင်္ဂြိုဟ်ခြင်း မပြုဘဲ တင့်တောင်းတင့်တယ် ပြင်ဆင်သင်္ဂြိုဟ်လေ့ရှိကြပါတယ်။”ဟု ၎င်းက ဆိုသည်။

၂၀၁၉ ဧပြီလထဲက မြန်မာ့တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးစခန်းအတွင်း စစ်ဆေးခံရင်း သေဆုံးသွားကြရသည့် ကျောက်တော်မြို့နယ်၊ ယိုးချောင်းရွာမှ မောင်ဇော်မျိုးထွန်း အသက်(၂၅)နှစ်၊ မြောက်ဦး မြို့နယ် လက္ကာကျေးရွာမှ ဦးသိန်းထွန်းစိန် အသက်(၄၀)နှစ် နှင့် ဦးမောင်သန်းနု အသက် (၄၅) နှစ်တို့ကို စစ်တွေဆေးရုံ သို့ ယူဆောင်လာပြီး သေမှုသေခင်းဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း မိသားစုများလက်ဝယ်သို့ လွှဲပြောင်းခဲ့ခြင်းမရှိဘဲ သက်ဆိုင်ရာမှ ပြန်လည်ယူဆောင်သွားသည့်အကြောင်း ဥပမာပေးကာ ၎င်းအဆိုရှင်က ထည့်သွင်း ပြောဆိုခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် မေ ၁ ရက်နေ့ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ ရသေ့တောင်မြို့နယ် ၊ ကျောက်တန်း ကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်း ရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း သိရပြီး၊ တပ်မတော်မှ စစ်ဆေး မေးမြန်းနေစဉ် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိသည်ဟု ကြားသိရကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဦးသန်းနိုင်က မေလ ၂ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ၎င်းတို့၏ လက်ထဲတွင် သေဆုံးသွားသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းကို သံသယဖြစ်ရသလို သေဆုံးသည့် ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးခြင်းမှာလည်း လူသားမဆန်သည့် လုပ်ရပ်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီး သွားနေသည့် ဖက်ဒရယ်ဒီမိုကရေစီကာလမှာ ယခုလို လူသားမဆန်သည့် လုပ်ရပ်ကို မလုပ်သင့်ကြောင်း အဆိုကို ထောက်ခံခဲ့သည့် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆိုသည်။

"အခုဆိုရင် မိသားစုဝင်တွေ လက်ထဲကို အလောင်းက ရောက်မလာဘဲနဲ့ သူတို့သက်ဆိုင်ရာကပဲ ယူသွားတဲ့ အချိန်ခါမှာ အဲဒီပြစ်မှုကြောင့် အဖမ်းခံရတဲ့သူဟာ ဘယ်လိုမျိုးသေသွားလဲဆိုတာကို မိသားစုက မမြင်ရတဲ့ အတွက်ကြောင့် သက်ဆိုင်ရာဌာနကို သံသယဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ကြောင့် အဆိုရှင်တင်ပြသလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီးတော့ သွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကာလအတွင်းမှာ အဲဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ မိသားစုအပါအဝင် နီးစပ်ရာလူမျိုးအပေါ် စိတ်နာကျည်းမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးက ပေးထားတဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။" ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

သို့ဖြစ်၍ ထိုစနစ်ကို ဖျက်သိမ်းဖို့ ပြည်နယ်အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည်။

ထိုအဆိုကို ကန့်ကွက်သူမရှိသည့်အတွက် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ဒေသခံ အရပ်ဘက်အဖွဲ့များ၏စာရင်းအရ သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required