အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်ရန် မြန်မာအသင်း ဗီယက်နမ်ကို အနိုင်ရရန် လိုအပ်

အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်ရန် မြန်မာအသင်း ဗီယက်နမ်ကို အနိုင်ရရန် လိုအပ်
ဟောင်ကောင်အသင်းနှင့်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း၏ ကစားပုံအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် ခြေစစ်ပွဲ အောင် မြင်ရန် အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်အသင်းကို အနိုင်ရရှိရန် လိုအပ်လျက် ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိတွင် အုပ်စု သုံးပွဲကစား နှစ်ပွဲနိုင် ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စု ဒုတိယနေရာ တွင် ရပ်တည်နေသော်လည်း အာရှ ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းအရ အကောင်းဆုံးအုပ်စု ဒုတိယအသင်းကို ရွေးချယ် ဆုံးဖြတ်ရာတွင် အသင်းငါးသင်း ပါဝင်သည့် အုပ်စုမှ အသင်းများအနေဖြင့် အုပ်စု အောက်ဆုံးအသင်းနှင့် တွေ့ဆုံမှု ရလဒ်ကို ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သောကြောင့် မြန်မာ အသင်းအနေဖြင့် ဘရူနိုင်းနှင့် ပွဲရလဒ်ကို ပယ်ဖျက် ထားပါက ရမှတ် ၄ မှတ်သာ ရရှိမည် ဖြစ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နှင့်ပွဲ၌ သရေတစ်မှတ် ရရှိခဲ့လျှင်ပင် အကောင်း ဆုံး အုပ်စုဒုတိယအနေဖြင့် တက်ရောက်ရန် အခွင့်အရေးမရှိဘဲ ခြေစစ်ပွဲ အောင်မြင်လိုပါက ဗီယက်နမ်ကို အနိုင်က စားရမည်ဖြစ် သည်။

“ဗီယက်နမ်က ကျွန်တော်တို့အသင်းထက် ကောင်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဘယ်အသင်းမဆို ရှုံးနိုင်ပါတယ်။ တီမောနဲ့ ဒုတိယပိုင်းကစားပုံ စိတ်ဓာတ်မျိုး ကစားသမားတွေ ရမယ်ဆိုရင် ဗီယက်နမ်ကို နိုင်နိုင်ပါ တယ်။ ဗီယက်နမ်နဲ့ ကစားဖို့ကို မကြောက်ပါဘူး” ဟု မြန်မာ ယူ-၁၉ နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

ဗီယက်နမ် ယူ-၁၉ အသင်းသည် လက်ရှိတွင် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဆ) တွင် သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် လည်း မြန်မာအသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့ဖူးသည်။

“ကျွန်တော်တို့ အသင်းကလည်း အသင်းကောင်းဖြစ်သလို မြန်မာအသင်းကလည်း အသင်းကောင်း တစ်သင်း ပါပဲ။ ဒီပွဲက တကယ့်ကို ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဘောလုံးကို အရူးအမူး အားပေးတဲ့ မြန်မာအသင်း ပရိသတ် တွေရှေ့မှာ ကစားရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်” ဟု ဗီယက်နမ် နည်းပြ ဟောင်အန်တန်း က ပြောသည်။

မြန်မာ ယူ-၁၉ အသင်းနှင့် ဗီယက်နမ် ယူ-၁၉ အသင်းတို့သည် အောက်တိုဘာ ၆ ရက် ည ၆း၃၀ တွင် သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး MRTV Entartainment နှင့် MITV တို့မှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly