နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီယားဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီယားဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
Photo - EPA

ဧပြီ ၃၀ ။     ။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုခြင်းအခမ်းအနားကို ဧပြီ ၃၀ ရက်က ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့မှ ကြိုဆိုခဲ့ပါတယ်။

တရုတ် ခရီးစဉ်အပြီး ကမ္ဘောဒီယားကို ဆက်လက်လာရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အဆိုပါ ကြိုဆိုခြင်းအခမ်းအနားမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်က နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့ပါတယ်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယင်းတွေ့ဆုံပွဲမှာတော့ နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးနှင့် ပညာရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရာမှာ အလေးထားလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း ဟွန်ဆန်၏ လက်ထောက် Eang Sophalleth က သတင်းထောက်တွေကို  ပြောသွားပါတယ်။

ဆွေးနွေးပွဲမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုခရီးစဉ်ဟာ သူမရဲ့ ယခု ကမ္ဘောဒီးယားခရီးစဉ်ကနေတဆင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို ထပ်မံတိုးချဲ့မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်ပါကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာကျောင်းသားတွေကို စကောလားရှစ် ၁၀ ခု ပံ့ပိုးပေးမယ်လို့ ဟွန်ဆန်က ကြေညာသွားခဲ့ပါတယ်။

အလားတူ ကမ္ဘောဒီးယားကို မြန်မာနိုင်ငံမှာ ဗုဒ္ဓဘုန်းတော်ကြီးတစ်ကျောင်း တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့မှု၊ ကမ္ဘောဒီးယားဘုန်းတော်ကြီးတွေကို စကောလားရှစ်တွေ ပေးခဲ့မှုတို့အတွက်လည်း မြန်မာကို ကျေးဇူးတင်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ဆက်ဆံမှုတွေကတော့ အားနည်းနေလျက် ရှိကြောင်း သိရပါတယ်။ ခရီးသွားလုပ်ငန်းထဲမှာောတ့ ၂၀၁၈ က မြန်မာခရီးသွားဦးရေ ၂၂,၅၀၀ ခန့် ကမ္ဘောဒီးယားကို လာရောက်လည်ပတ်ခဲ့ရာမှာ တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကမ္ဘောဒီးယားကို ယမန်နေ့ ဧပြီ ၂၉ ရက်ကစလို့  သုံးရက်တာခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required