ရပ်ဝန်းနှင့် လမ်းမစီမံကိန်းမှာ ပါဝင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင် ၃၇ ဦးကို မိန့်ခွန်းပြောရာမှာ သမ္မတ ရှီကျင့်ဖျင် ဖိတ်ခေါ်

ရပ်ဝန်းနှင့် လမ်းမစီမံကိန်းမှာ ပါဝင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင် ၃၇ ဦးကို မိန့်ခွန်းပြောရာမှာ သမ္မတ ရှီကျင့်ဖျင် ဖိတ်ခေါ်

ပေကျင်း၊ ဧပြီ ၂၇ ။        ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သုံးရက်တာ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း အစည်းအဝေးဖိုရမ် နောက်ဆုံးရက်မှာ ဥရောပ၊ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတို့က ခေါင်းဆောင် ၃၇ ဦးကို မိန့်ခွန်းပြောဆိုပြီး စီမံကိန်းကြီးမှာ နိုင်ငံတွေ ပိုမိုပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းကြီးဖြစ်တဲ့ ရပ်ဝန်းနှင့် လမ်းမစီမံကိန်းကြီးအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတာအတွက်လည်း လျော့ပါးသက်သာဖို့ သမ္မတ ရှီကျင့်ဖျင်က ကတိကဝတ်ပြု ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ လများစွာ ကုန်သွယ်ရေးစစ် ဖြစ်ပွားခဲ့တာပါ။ ရှီကျင့်ဖျင်အနေနဲ့ ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆီ တံခါးဖွင့်လှစ်ပြီး ကမ္ဘာ့ပါဝါသစ် နိုင်ငံဖြစ်လာရေး ရေရှည်ကြိုးစားနေခဲ့တာလည်း ဖြစ်ပါတယ်။

စနေနေ့မှာ ပြုလုပ်တဲ့ အဆိုပါ ဖိုရမ် နောက်ဆုံးရက်မှာ ကုန်သွယ်ရေးအကာအကွယ်ပြုမှု ဝါဒကို ဖယ်ရှားကြဖို့လည်း ရှီကျင့်ဖျင်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းပြောဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့စီးပွားရေးကို ဖွင့်လှစ်တည်ဆောက်ပြီး ကုန်သွယ်ရေးအကာအကွယ်ပြုမှုကို ဖယ်ရှားကြဖို့ လိုပါတယ်။”လို့ သမ္မတ ရှီကျင့်ဖျင်က ပြောဆိုတိုက်တွန်းပါတယ်။

ဖိုရမ်ရဲ့ သဘောတူမူကြမ်းမှာလည်း ကုန်သွယ်ရေးအကာအကွယ်ပြုမှုနဲ့ တစ်ဖက်သတ်ဆန်မှု မူဝါဒတွေကို ဖယ်ရှားတာဖို့ ကတိကဝတ်ပြုထားချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ‘အမေရိကန် ပထမ’ မူဝါဒကို သွယ်ဝိုက်ပြီး ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ဒီ ရပ်ဝန်းနှင့် လမ်းမ စီမံကိန်းကြီးဆိုင်ရာ ဖိုရမ်ဆီ အမေရိကန်နိုင်ငံဟာ တာဝန်ရှိကိုယ်စားလှယ် စေလွှတ်တာ မရှိခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly