အိုင်အက်စ်အကြမ်းဖက်အဖွဲ့က မြန်မာနှင့် ဖိလစ်ပိုင်တောင်ပိုင်းကို ပစ်မှတ်ထားနေဟု မလေးရှားရဲချုပ် ပြော

By Malaymail
26 April 2019
အိုင်အက်စ်အကြမ်းဖက်အဖွဲ့က မြန်မာနှင့် ဖိလစ်ပိုင်တောင်ပိုင်းကို ပစ်မှတ်ထားနေဟု မလေးရှားရဲချုပ် ပြော

ဧပြီ ၂၆ ။            ။ အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင် တို့ကို ပစ်မှတ်ထားနေတယ်လို့ ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန် ဆရီ မိုဟာမက် ဖူဇီ ဟာရန်က ဧပြီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ုခမှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။

အိုင်အက်စ်တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဖိလစ်ပိုင် တောင်ပိုင်းဒေသတို့ကို စစ်သွေးကြွ ဝင်ရောက်စေနိုင်ဖို့အတွက် မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က Tawau နဲ့ Sandakan ဒေသတို့ကို  စုရပ်တွေအဖြစ်  ရွေးချယ်သတ်မှတ်ထားကြောင်း မလေးရှား ရဲချုပ်က ပြောသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ အိုင်အက်စ် စစ်သွေးကြွတွေဟာ လက်ရှိမှာ အီရတ်နဲ့ ဆီးရီးယားတို့မှာ အကြီးအကျယ် မရှုမလှ ရှုံးနိမ့်နေခဲ့ပြီးနောက် လက်ရှိအချိန်မှာ  အရှေ့တောင်အာရှဒေသကို ၎င်းတို့ရဲ့ လှုပ်ရှားမှု ဗဟိုဌာနအဖြစ် ဦးလှည့်လာနေလျက် ရှိတယ်လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မလေးရှား ရဲတပ်ဖွဲ့အနေနဲ့ ယခုကိစ္စကို အနီးကပ် အချိန်နဲ့တပြေးညီ စောင့်ကြည့်နေလျက်ရှိကြောင်း၊ လက်ရှိမှာ ဖိလစ်ပိုင်တောင်ပိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း မလေးရှား ရဲချုပ်က ပြောသွားပါတယ်။

အိုင်အက်စ်တို့ အီရတ်နဲ့ ဆီးရီးယားမှာ ရှုံးနိမ့်နေခြင်းဟာ သူတို့ရဲ့ အကြမ်းဖက်မှုတွေ ဆုံးခန်းတိုင်သွားပြီလို့ ပြောလို့ မရကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူကည်း ထုတ်ပြန်ပြောထားတယ်လို့ သိရပါတယ်။

အိုင်အက်စ်တို့ လေ့ကျင့်သင်ကြားပေးထားတဲ့ အကြမ်းဖက်သမားတွေကို ကမ္ဘာတစ်ဝှမ်းမှာ ဖြန့်ကျက်ထားကြောင်း၊ ၎င်းတို့ဟာ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို  ဆက်လက်ခြိမ်းခြောက်နေကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ပြောထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly