ရန်ကုန်၊ ဧပြီလ ၂၅ ။ ။ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ-မဂျီဂွမ်နယ်မြေအတွင်း တရားမဝင်သယ်ယူလာသည့် သစ်တန် ချိန် ၆ဝ ကျော်နှင့်အတူ တရုတ်နိုင်ငံသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ သိရသည်။
သစ်များနှင့်အတူ ဖမ်းဆီးရမိသည့်သူများမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းမြို့၊ လူတန်ကျေးရွာတွင် နေထိုင်သော တရုတ်နိုင်ငံသား အသက် ၅၁ နှစ်အရွယ် ယီတိုင်းလျှန်အပါအဝင် ၁၃ ဦးနှင့် မံစီမြို့နယ်တွင် နေထိုင်သော မြန်မာနိုင်ငံသား အသက် ၂၁ နှစ်အရွယ် ခါးတောင်ဆိုသူအပါ ၂ ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၂၅ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါသစ်များကို ဧပြီလ ၂၄ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မံစီမြို့ နယ်၊ နယ်မြေခံတပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် သတင်းရရှိ၍ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းအရ သွားရောက်ဖမ်းဆီးရာတွင် အဆိုပါ ပလောင်ဒိန်ဆာ-မဂျီဂွမ်နယ်မြေအတွင်းမှ တရုတ်နိုင်ငံသား ၁၃ ဦး၊ မြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ ဘက်ဟိုးယာဉ်(၁)စီး၊ Loader ယာဉ် ၄ စီး၊ သစ်တင်ယာဉ် ၄၁ စီးနှင့် တရားမဝင်သယ်ယူထားသည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၇၇၂ ချောင်း (၆၀.၉၂၉၀)တန်တို့ကို တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂ ဦးကို မံစီမြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရသည်။