မန္တလေးမှ ဆရာတော် ဦးသောဘိတကို တပ်က အမှု နှစ်ခုဖွင့်

By ခင်နှင်းဝေ
25 April 2019
မန္တလေးမှ ဆရာတော် ဦးသောဘိတကို တပ်က အမှု နှစ်ခုဖွင့်
၂၀၁၉ခုနှစ် ၊ ဖေဖော်ဝါရီ ၁၄ရက်နေ့က တွေ့ရသော ဆရာတော် ဦးသောဘိတ (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် Facebook တွင် ရေးသားသည်ဟု စွပ်စွဲခံရပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် မန္တလေးမှ ဆရာတော် ဦးသောဘိတကို အရေးယူရန် တပ်မတော်က အမရပူရမြို့နယ် တရားရုံးတွင်ပင် ထပ်မံ လျှောက်ထားသည်ဟု သိရသည်။

လဆန်းပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က ဦးတိုက် လျှောက်ထားခြင်းဖြစ်သည်ဟု အမရပူရမြို့နယ် တရားရုံးထံမှ သိရသည်။

 

လျှောက်ထားချက်နှင့် ပတ်သက်ပြီး ရဲက စတင် ကိုင်တွယ်နေသည်ဟု အမရပူရ တရားရုံးမှ တရားသူကြီး ဦးဇော်မင်းအောင်က ပြောသည်။

"သူတို့ဘက်က ထပ်မံပြီး ဦးတိုက်လျှောက်ထားတယ်ပေါ့နော်၊  ဒါအတွက် ကျွန်တော်တို့က ရဲစခန်း စစ်ဆေးတဲ့အဆင့် ရှိပါသေးတယ်၊ ဘာနဲ့ငြိစွန်းမယ် မသိရသေးပါဘူး” ဟု တရားသူကြီးက ပြောသည်။

ပထမအမှု အစပြုခဲ့သည်မှာ ၇ လ ကြာပြီ ဖြစ်သည်။ အာမခံ ရရှိသဖြင့် ဆရာတော်သည် ချုပ်နှောင်ခံရခြင်း မရှိဘဲ ပြင်ပမှနေ၍ အမှုရင်ဆိုင်နေသည်။

ယခု ပေါ်ပေါက်လာသော ဒုတိယအမှုတွင် ရဲစခန်း၊ တရားရုံးတို့က ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လိုက်မည် ဆိုလျှင် အာမခံ လွယ်လွယ်နှင့်မရနိုင်သော ပုဒ်မ ဖြစ်နေသောကြောင့် ဆရာတော် ရင်ဆိုင်ရမည့် အခြေအနေမှာ အပြောင်းအလဲ ဖြစ်နိုင်သည်။ နောက်တိုးအမှုအတွက် တရားရုံးက အာမခံ မပေးလျှင် ဆရာတော် အထိန်းသိမ်းခံရမည် ဖြစ်သည်။

အမရပူရ မြို့မရဲစခန်းကို ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက တရားလိုဘက်ကို စစ်ဆေးထားသည်ဟု ဆိုသည်။ 

"စစ်ဆေးနေတုန်းပါ၊ တရားလိုဘက်ကို စစ်ပြီးပါပြီ၊ ဆရာတော်ဘက်ကို စစ်ဖို့ ကျန်ပါသေးတယ်၊ ဘယ်နေ့စစ်မယ်တော့ မပြောနိုင်သေးပါဘူး၊ အဓိကက လူမှုကွန်ရက်မှာ ရေးသားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ဒုတိယအကြိမ် ထပ်ပြီး တရားရုံးကို ဦးတိုက်လျှောက်တာပါ” ဟု ရဲအရာရှိက ဆိုသည်။

ဆရာတော်နှင့် သူ့ရှေ့နေ၏ တုန့်ပြန်ချက်

Facebook အရေးအသားနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိပါက တစ်ကြိမ်သာ အမှု ဖွင့်သင့်သည်ဟု စွပ်စွဲခံရသူ ဆရာတော်၏  ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

"၅၀၅ (ခ) နဲ့ ဖွင့်လိုက်တာပါ၊ ဘယ်အကြောင်းအရာကိုဖွင့်တယ် ဆိုတာ ကာယကံရှင်ဆရာတော် ကိုယ်တိုင်ကို မသိသေးပါဘူး၊ ၆၆ (ဃ)နဲ့လည်း ဖွင့်ထားတယ်၊ ၅၀၅ (ခ) နဲ့လည်း ထပ်ပြီး ဖွင့်တယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု ရှေ့နေက ပြောသည်။

သက်တော် ၃၇ နှစ်အရွယ် ဆရာတော်က အမှုတိုးခြင်းကို သိရှိကြောင်း မိန့်သည်။

"ရဲစခန်းကတော့ ဦးဇင်းဆီ အကြောင်း မကြားသေးပါဘူး၊  ၅ဝ၅ (ခ)နဲ့ တရားရုံးကို လျှောက်ထားတယ် ကြားတယ်၊  တရားရုံးကနေ စစ်ဆေးဖို့ ရဲစခန်းကို ဆင့်ထားတယ်လို့ တစ်ဆင့် သိရတယ်” ဟု ဆရာတော် ဦးသောဘိတက မိန့်သည်။

ဤအမှုမျိုးနှင့် ပတ်သက်ပြီး တရားစွဲရန် တာဝန်ရှိသူမှာ အစိုးရသာ ဖြစ်သည် ၎င်းက မိန့်သည်။

"စစ်တပ်က ခုလို တရားစွဲတာဟာ လုံးဝ မဖြစ်သင့်ဘူး၊ ဒါက အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ ကျော်ပြီးတော့ လုပ်တယ်လို့ မြင်တယ်” ဟု ၎င်းက မိန့်သည်။

ရန်ကုန်တွင်လည်း ဤအမှုနှင့် ဆင်တူသည့် ဖြစ်ရပ် ပေါ်ပေါက်နေသည်ကို တွေ့ရသည်။

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Facebook  ရေးသားချက်နှင့် ပတ်သက်ပြီး တပ်က အမှုဖွင့်၊ တရားစွဲခြင်းက နှစ်ကြိမ်ဖြစ်နေသောကြောင့် ၎င်း၏ ရှေ့နေက ရုံးတော်တွင် ကန့်ကွက်မည်ဟု ဆိုသည်။

ပုဒ်မ နှစ်ခုနှင့် ရင်ဆိုင်နေရသော မင်းထင်ကိုကိုကြီး အချုပ်လွတ်ထုချေခွင့် မရသဖြင့် အထိန်းသိမ်းခံနေရသည်။

တပ်မတော်၏ မှတ်ချက်

တပ်မတော်ကအမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ယနေ့ ညနေပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့သည်။

မင်းထင်ကိုကိုကြီးအမှုတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က စွဲဆိုမှုဖြစ်သည့်အတွက် အမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းကို   အသေအချာ မပြောနိုင်သေးကြောင်း  ၎င်းက မှတ်ချက်ပြုသည်။

"ပုဒ်မ နှစ်ခုဆိုတာကတော့ သူတို့ကျူးလွန်တဲ့၊ ဥပဒေနဲ့ ညှိစွန်းတဲ့ဟာမို့လို့ စွဲတယ်လို့တော့ ကျွန်တော်ကတော့ ယူဆပါတယ်" ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly