မြိတ်မြို့တွင် ဆိုင်ကယ်များ ခိုးယူနေသည့် လူငယ် ၄ ဦးကို ဖမ်းမိ

မြိတ်မြို့တွင် ဆိုင်ကယ်များ ခိုးယူနေသည့် လူငယ် ၄ ဦးကို ဖမ်းမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၄) ။        ။ မြိတ်မြို့တွင် ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် လူငယ် ၄ ဦးကို ဧပြီလ ၂၃ ရက်နေ့က ဆိုင်ကယ် ၅ စီးနှင့် အတူ မြိတ် မြို့မ ရဲတပ်ဖွဲစခန်း နယ်ထိန်းအဖွဲ့မှ ဖမ်းဆီးရမိထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ရွှေပြည်တန်ရပ်ကွက်၊ ရတနာလမ်းတွင် နေထိုင်သော ကျော်ဇင်ဖြိုး (ခ) သာထူး သည် ခိုးမှုကျူးလွန်ကြောင်း၊ ကျော်ဇောသတင်းဖြင့် သွားရောက်စစ်ဆေးရာမှ နေအိမ်အတွင်း ဆိုင်ကယ် ၃ စီးနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။

၄င်း၏ နေအိမ်တွင် နံပါတ်မပါ ဆိုင်ကယ် (၃) စီးအတွက် ပိုင်ဆိုင်မှုအထောက်အထားအား မေးမြန်းရာ ပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံတရာ မတွေ့ရသဖြင့် သက်သေများနှင့်အတူ ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျော်ဇင်ဖြိုး (ခ) သာထူးအား စစ်ဆေးမေးမြန်းရာ မော်တော်ဆိုင်ကယ်များကို ခိုးယူရောင်းချ နေသည်မှာ ၄င်းတစ်ဦးတည်း မဟုတ်ဘဲ ဆိုင်ကယ်များကို အဓိကခိုးယူသူမှာ ပါရမီ (၂) ရပ်မှ စိုးစိုးနှင့် ဇေယျာသီရိ (၄) ရပ်မှ စိုးငွေတို့ဖြစ်ကြောင်း၊ ခိုးထားသည့် ဆိုင်ကယ်များကို ပူးပေါင်းထုခွဲ ရောင်းချသူ ဇေယျာသီရိ (၄) ရပ်မှ အောင်ဖြိုးပိုင် (ခ) ဖြိုးပိုင်တို့ ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

ထိုနောက် ၄င်းတို့အား ဆက်လက် ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်ခဲ့ရာ ဆိုင်ကယ် (၂) စီးနှင့်အတူ ထပ်မံ သိမ်းဆီးရမိခဲ့ပြီး မြိတ်မြို့မရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly