အိုင်ဗရီကို့စ်ဆန်ကိစ္စတွင် မြန်မာမှ ဝယ်ယူခဲ့သည့် စင်ကာပူကုမ္ပဏီကို စီးပွားကူးသန်းမှ ခေါ်ယူတွေ့ဆုံမည်

အိုင်ဗရီကို့စ်ဆန်ကိစ္စတွင် မြန်မာမှ ဝယ်ယူခဲ့သည့် စင်ကာပူကုမ္ပဏီကို စီးပွားကူးသန်းမှ ခေါ်ယူတွေ့ဆုံမည်
ဓာတ်ပုံ - LYNN BO BO/EPA

နေပြည်တော်၊ ဧပြီ ၂၃ ။            ။ အိုင်ဗရီကို့စ်ဆန်ကိစ္စတွင် မြန်မာကုမ္ပဏီ ၃ ခု ထံမှ ဝယ်ယူခဲ့သည့် ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီကို စီးပွားကူးသန်းဝန်ကြီးဌာနမှ ခေါ်ယူတွေ့ဆုံသွားမည်ဟု သိရသည်။

“ နံပါတ်တစ် သူ့ဖက်က ရှင်းလင်းတင်ပြချက်ကို ပထမဆုံး နားထောင်ရမယ်။ ပြီးမှသူ့ရဲ့တင်ပြချက်အပေါ်မှာ အဖွဲ့တစ်ခု ဖွဲ့ပြီးတော့မှ သူတို့ရဲ့သက်ဆိုင်တဲ့သူတွေနဲ့ တွေ့မယ်။ မေးမယ်။ ပြီးမှ အဖြေထုတ်မှာ ဖြစ်ပါတယ်။ အိုလန်အင်တာနေရှင်နယ်ကုမ္ပဏီ ဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။

လက်ရှိစစ်ဆေးချက်များအရ မြန်မာ့ဆန်အရည်အသွေးသည် ပြဿနာမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်မှ သိရသည်။

 “လောလောဆယ် ဆန်ကတော့ အရည်အသွေးပြည့်မီပါတယ်။ ပြည့်မီလို့လည်း ဒီသင်္ဘောတစ်စင်းဖြစ် သွားပေမယ့်လို့ နောက်ထပ်လည်း သဘောင်္တွေက သွားနေတာပဲ။ အာဖရိကကိုလည်း သွားတယ်။ ဥရောပကိုလည်း သွားတယ်။ ဆက်တိုက်ရောင်းနေတယ်။ ရောင်းနေတဲ့ ဆန်ရဲ့အရည်အသွေးက လက်ရှိ အခြေအနေမှာ ပြဿနာ မရှိပါဘူး။ ကောင်းတယ်”ဟု ဦးအောင်စိုးက ဆက်လက်ပြောသည်။

ယနေ့ ဧပြီ ၂၃ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်သည့် “ နိုင်ငံတကာစျေးကွက်များ၌ ခိုင်မာသည့်စျေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရး” ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မြန်မာကုမ္ပဏီများဖြစ်သော ရွှေဝါရောင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း နှင့် ဧရာဟင်္သာကုမ္ပဏီ တို့သည် အိုလန်အင်တာနေရှင်နယ်ကုမ္ပဏီထံသို့ FOB စနစ်ဖြင့် ဆိပ်ကမ်းအရောက် ဆန်များကို တင်ပို့ခဲ့ရာ တွင် အရည်အသွေးနှင့် အလေးချိန်များကို ပြည့်မီစွာ အပ်နှံခဲ့သည်ဟု စီးပွားကူးသန်း စစ်ဆေးချက်များအရ သိရသည်။  

အဆိုပါ ကုမ္ပဏီမှ ဆန်တင်ရာတွင် ရုတ်တရက် မိုးရွာချရာတွင် ၇ မိနစ်ခန့် မိုးမိခဲ့ကာ ဆန်များသည် ရေငွေ့ ရိုက်၍ ၂ လွှာ၊ ၃ လွှာခန့် ရေစိုသွားကာ အာဖရိကသို့ရောက်သည့်အချိန်တွင် ၈လခန့် ကြာမြင့်သွားခြင်း ဖြစ်သောကြောင့် ဆန်အရည်အသွေး ကျဆင်းမှုသည် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကလည်း ပြောထားသည်။

ထိုကဲ့သို့ မိုးမိခဲ့ဖူးသည့် ဆန်များကို ပြန်လည်ထုတ်ယူကာ သင်္ဘောကုန်းပတ်ပေါ်တွင် တာလပတ်ဖြင့် အုပ်၍ ခွဲထားရမည်ဖြစ်သော်လည်း ဆန်သယ်သည့် MV Ocean Prince သင်္ဘောအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အတွက် ရေစိုဆန်များသည် ခဲခြင်း၊ အန့ံထွက်ခြင်း၊ မှိုပေါက်ခြင်းများ ဖြစ်သွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဆိုသည်။

 “ဆန်တစ်ခုက ကုန်းပေါ်မှာ ဂိုထောင်ထဲမှာ ထားတာတောင် ရလ ၊ ၈လ ဆိုတာ ဘယ်လိုနည်းနဲ့မှ အကောင်း ပကတိ ပြန်ပြီးတော့ မရှိနိုင်ဘူး။ ဒါသည် စီမံခန့်ခွဲမှု အပိုင်းသည် ဝယ်ယူသူရဲ့( Buyer) တာဝန်ပဲ ဖြစ်တယ်။ သူ့ရဲ့ ညံ့ဖျင်းတဲ့ ကုန်သွယ်မှုမှာ ဒီ Logistic နဲ့ အရည်အသွေး စီမံခန့်ခွဲမှု မလုပ်နိုင်တဲ့အတွက် ဒီ ပြဿနာသာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

အလားတူဖြစ်စဉ်မျိုးထပ်မံဖြစ်ပေါ်ပါက အလွယ်တကူ ဖြေရှင်းနိုင်ရေးအတွက် “နောင်ဆိုရင်တော့ ကျွန်တော်တို့ စက်ပိုင်ရှင်တွေနဲ့ စက်ပိုင်ရဲ့ သင်္ဘောတင်စက်နံပါတ် အစရှိတဲ့ တစ်ဖက်မှာ Code လေးတွေ ထည့်ပေးမယ်။ ဒီသင်္ဘောထဲမှာ အကုန်လုံး စုလိုက်တဲ့အခါမှာ သူ့ဟာလား၊ ငါ့ဟာလားဆိုတဲ့ အငြင်းပွားမှုတွေ ကျွန်တော်တို့က နောင်တစ်ချိန် မဖြစ်အောင် ဆန်ကို ကျွန်တော်တို့က ရောင်းသူရဲ့ အမှတ်အသား၊ ဥပမာ ရွှေဝါရောင် တင်မယ်ဆို ရွှေဝါရောင်အမှတ်အသား၊ MEC တင်မယ်ဆို MEC အမှတ်အသား ၊ အဲ့ဒီနောက်မှာမှ သူတို့ရဲ့ စက်ပိုင်တွေ၊  Supplier တွေ ရှိဦးမယ်။ ဒါတွေရဲ့ အမှတ်အသားတွေ ကို နောင်မှာ ထည့်ဖို့ လိုပါတယ်လို့။  ဒါလေး ဆောင်ရွက်ထားဖို့ အကြံပြုလိုပါတယ်”ဟု ဦးအောင်သန်းဦးက ဆိုသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် စနစ်တကျ အရည်အသွေးထိန်းကာ သယ်ဆောင်သွားရန် ဝယ်ယူသည့် ကုမ္ပဏီနှင့် တွေ့ဆုံကာ လိုအပ်သည့် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးအောင်စိုးက ဆက်လက်ပြောဆိုသည်။

အာဖရိကနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံတွင် မြန်မာဆန် တန်ချိန် ၄,၀၀၀ ခန့် ချထားပြီးနောက် အလေးချိန်နှင့် အရည်အသွေး အကြောင်းပြချက်ဖြင့် ဆက်လက်ချခွင့် မရှိတော့ဘဲဲ၊ အိုင်ဗရီကိုစ့်နိုင်ငံ အရောက် တွင် ဧပြီ ၁၇ ရက်နေ့က အရည်အသွေးပြည့်မှီခြင်းမရှိဟုဆိုကာ မြန်မာဆန် တန်ချိန် ၁၈၀၀၀ ခန့်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ ဆန်ကြမ်းနှင့်ဆန်အချော တန်ချိန် ၃.၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့သည့် ၅ နိုင်ငံစာရင်းတွင် ပါဝင်ထားကြောင်းသိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required