ဧပြီ ၂၃ ။ ။ ဘိုလီးဗီးယားနိုင်ငံမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီတာ ၂၀၀ အနက်ရှိ လျှိုမြောင် တစ်ခုထဲ ထိုးကျသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယင်း ဘတ်စ်ကားဟာ အခြား ထရပ်ကားနှစ်စီး ပါဝင်တဲ့ ယာဉ်တိုက်မှုတစ်ခုမှာ ပါဝင်ပြီးမှ ခုလို လျှိုထဲ ထိုးကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဘတ်စ်ကားဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ညပိုင်းက ရှေ့က ထရပ်ကားတစ်စီးကို ကျော်တက်ဖို့ ကြိုးပမ်းစဉ် တစ်ဘက်လမ်းကြောကနေ လာတဲ့ ထရပ်ကားတစ်စီးနဲ့ မျက်နှာချင်းဆိုင် တိုက်မိပြီး ချောက်ထဲ ကျသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ယူရီ ကယ်လ်ဒါရွန်က ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
“ ဒါကြောင့် ဒီကားဟာ မထိန်းနိုင်တော့ဘဲ ဒီတောင်စောင်းပေါ်ကနေ လျှိုထဲ ကျသွားတာဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။
ယင်းဘတ်စ်ကားကတော့ လာပါ့ဇ် မြို့ကနေ ရာရင်ဘတ် မြို့ဆီ ဦးတည်မောင်းနှင်လာခဲ့စဉ် ယခုလို အဖြစ်ဆိုးနဲ့ ကြုံကြိုက်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့၊ ဒီဖြစ်စဉ် ဖြစ်ပြီးနောက် နိုင်ငံမှာ ဘတ်စ်ကားမောင်းသမားတွေ ပိုပြီး သတိထား ဂရုစိုက် မောင်းနှင်ကြဖို့ကိုလည်း ဘိုလီးဗီးယား သမ္မတ အီဗို မိုရေးစ်က တိုက်တွန်းသွားပါတယ်။