သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ စျာပနအခမ်းအနားကို စတင်ကျင်းပ

သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ စျာပနအခမ်းအနားကို စတင်ကျင်းပ

ဧပြီ ၂၃ ။               ။ သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပေါ်ပေါက်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြသူတွေအနက် ပထမဆုံးအသုတ် စျာပနအခမ်းအနားကို ဧပြီ ၂၃ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။

ဧပြီ ၂၁ ရက် ယင်းနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေပေါ်ပေါက်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ သေဆုံးသူဦးရေ ၃၁၀ အထိ ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးမိနစ် ငြိမ်သက်မှုကို ကျင်းပပြုလုပ်ခဲ့သလို နောက်ထပ် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် အရေးပေါ် အခြေအနေတစ်ရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ဒီ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ပြည်တွင်းက အစ္စလမ္မစ် အဖွဲ့ National Thowheed Jamath (NTJ) ရဲ့ လက်ချက်ဖြစ်ကြောင်း သီရိလင်္ကာအစိုးရက ပြစ်တင်ထားပါတယ်။

လောလောဆယ်မှာလည်း ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သံသယရှိသူ လူ ၄၀ ကို သီရိလင်္ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ဒီ ဗုံးခွဲတိုက်ခိုက်မှုတွေ ပေါ်ပေါက်ပြီး နိုင်ငံံရဲ့ ခေါင်းဆောင်ပိုင်း အကွဲအပြဲကလည်း ပိုမိုထင်သာမြင်သာ ရှိလာခဲ့ပါတယ်။ ယင်းနိုင်ငံမှာ သမ္မတနဲ့ ဝန်ကြီးချုပ်အကြား သဘောထားတင်းမာမှုတွေရှိနေပြီး ခုချိန်မှာ အကျပ်အတည်းတစ်ခုလို ဖြစ်နေပါတယ်။

အစောပိုင်းက ဒီလိုတိုက်ခိုက်မှုတွေဖြစ်လာနိုင်ကြောင်း ကနဦး ထောက်လှမ်းရေး သတိပေးချက်တွေ ပေါ်ထွက်ထားခဲ့တယ်လို့ ဆိုပါတယ်။  ဒီလို ထောက်လှမ်းရေး သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် ဒါနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် နဲ့ သူ့အစိုးရအဖွဲ့က ဘာမှ မသိခဲ့ရဘူးလို့လည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောသွားပါတယ်။

ဒီအတွက်ကြောင့် ခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစောပိုင်းကြိုတင် သတိပေးချက်ကို အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်လို့ မေးခွန်းတွေလည်း ထွက်ပေါ်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly