ကာလုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီမှ အဆိုပြုတင်ပြ

ကာလုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီမှ အဆိုပြုတင်ပြ

နေပြည်တော်၊ ဧပြီ ၂၂ ။                    ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅)၊ အုပ်ချုပ်ရေးတွင် ပါရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ ၂၀၁ ကို ဖျက်သိမ်းရန် အဆိုပြုတင်ပြခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ပေါက်တော မဲဆန္ဒနယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။

“ကာလုံရယ်လို့ သီးခြားအဖွဲ့ မထားတော့ဘူး ။ ကျွန်တော်တို့ပါတီရဲ့ သဘောထားပြောတာပါ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ သင့်တော်တဲ့ဌာနအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖွဲ့စည်းပြီးမှ ကာလုံအလုပ်ကို လုပ်ပေါ့။ အဓိပ္ပါယ်က နိုင်ငံခြားစစ်ရေး၊ စစ်ရာကအစ လုံခြုံရေးက အစ၊ ဆိုင်ရာ၊ဆိုင်ရာ ၀ိုင်းကြီးအနေနဲ့ ညှိပြီး အကောင်အထည်ဖော် ကာလုံက အဖွဲ့အစည်းရယ်လို့ အမြဲတမ်းအဖွဲ့ မရှိဘူး”ဟု ၄င်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

တစ်လကြာ ရပ်နားထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ၉ ကြိမ် မြောက်အဖြစ် ယနေ့ ဧပြီ ၂၂ ရက်နေ့က အခြေခံဥပဒေအခန်း(၅)ကို ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ဆွေးနွေးရာတွင် ဦးအောင်ကျော်ဇံက ထိုသို့ အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဖျက်သိမ်းရခြင်း အကြောင်းအရာနှင့်ပတ်သက်ပြီး အချို့ပါတီများသည် ကာလုံအဖွဲ့အစည်းထဲတွင် နယ်စပ်ရေးရာတိုင်းရင်းသားဝန်ကြီးများကိုပါ ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသော်လည်း ANP ပါတီအနေဖြင့် ဖျက်သိမ်းရန်ဆိုသည့်မူဘောင်ပေါ်မှာသာ ရပ်တည်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ကျွန်တော်က အစကတည်းက အခြေခံမူကတည်းက ဒီမူဘောင်ပေါ်မှာ ရပ်တည်လာတဲ့အခါကြတော့ နောက်ဆက်တွဲလည်း ဒီသဘောပဲ။ ဆက်ပါနေရတာပေါ့”ဟု ဦးအောင်ကျော်ဇံက ဆက်လက်ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့အစည်းတွင် နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တေ်ာဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စသည့် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ကာလုံတွင် NLD ပါတီဘက်မှ နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာဝန်ကြီး စသည့် ငါးဦး တို့ ပါဝင်သည်ကို တွေ့ရသည်။

တပ်မတော်ဘက်မှ ခန့်အပ်ထားရာတွင် ဒုတိယသမ္မတ တစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စသည့် ခြောက်ဦး ပါဝင်နေသည်။

NLDပါတီအစိုးရ လက်ရှိ သက်တမ်းသုံးနှစ်အတွင်း ကာလုံအစည်းအဝေးကို တစ်ကြိမ်မှ ခေါ်ယူခဲ့ခြင်းမျိုး မရှိသေးပေ။

အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍတွင် ပုဒ်မ (၁၉၉)မှ ပုဒ်မ (၂၉၂)ထိ ၉၃ ခု ရှိပြီး ယနေ့ အစည်းအဝေးတွင်း ပုဒ်မ (၂၃၅) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်း ၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့်လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်းအထိ ဆွေးနွေးပြီးစီးသွားကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ထို့ပြင် ယမန်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်သည့် NLD ပါတီမှ ကိုယ်စားလှယ် ၁၈ ဦးတို့နှင့်တွေ့ဆုံရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြောကြားခဲ့ခြင်းမရှိကြောင်း ဦးအောင်ကြည်ညွန့်က ပြောသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်ပြောမလဲ၊ သူတို့ကိစ္စမှ မဟုတ်တာ၊ လူချင်း တွေ့တယ်၊ ကန်တော့တယ်။ ဒါပဲ၊ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်နဲ့ အလုပ်လုပ်ကြဖို့ပဲ ၊ဒါပါပဲ”ဟု ၄င်းက ဆိုသည်။

ယနေ့ ၉ ကြိမ်မြောက်အစည်းအဝေးတွင်း ခွင့်တိုင်ကြားထားသည့် ၄ ဦးမှလွဲပြီး ကျန်သည့်ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly