ပီလီရဲ့  ဆယ်စုနှစ် ၄ ခုကြာ ကလပ်ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ နီးစပ်နေတဲ့ မက်ဆီ

ပီလီရဲ့  ဆယ်စုနှစ် ၄ ခုကြာ ကလပ်ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ နီးစပ်နေတဲ့ မက်ဆီ
Photo: AFP & Santos FC

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုတစ်ပတ် မန်ယူအသင်းကို ၂ ဂိုးသွင်းယူခဲ့မှုနဲ့အတူ ကစားသမားဘဝ ကလပ်သွင်းဂိုး ၆၀၀ ပြည့်မြောက်ဖို့ ၃ ဂိုးသာလိုအပ်တော့ပြီး ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ လိုက်ရခက်တဲ့ ဂိုးသွင်းစံချိန်ကို တဖြည်းဖြည်းချင်း လိုက်မီနိုင်ဖို့ နီးကပ်လာနေပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဆီဟာ လက်ရှိမှာ ပီချီချီ (လာလီဂါ ရွှေဖိနပ်ဆု)၊ ဥရောပရွှေဖိနပ်ဆုတို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အခုဆိုရင် ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဘလွန်းဒီအောဆု ၅ ကြိမ်ရ မက်ဆီဟာ ယခုရာသီပြိုင်ပွဲစုံမှာ ၄၂ ပွဲကစားထားပြီး သွင်းဂိုး ၄၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိပြုလုပ်ထားနိုင်တာကြောင့် ဘာစီလိုနာအသင်းနဲ့ နောက်ထပ် သူ့ရဲ့ ဂိုးသွင်းစံချိန်ကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

ဒီနေ့အထိ သူ့ရဲ့ သွင်းဂိုးစုစုပေါင်း ၅၉၇ ဂိုးဟာ လာလီဂါသွင်းဂိုး ၄၁၆ ဂိုး၊ ချန်ပီယံလိဂ်မှ ၁၁၀ ဂိုး၊ စပိန်ဘုရင့်ဖလားမှာ ဂိုး ၅၀၊ စပိန်စူပါဖလား သွင်းဂိုး ၁၃ ဂိုး၊ ကလပ်ကမ္ဘာ့ဖလား ၅ ဂိုးနဲ့ ဥရောပစူပါဖလားမှာ ၃ ဂိုးတို့ကတဆင့် သွင်းယူရရှိခဲ့တဲ့ ဂိုးတွေဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၁-၁၂ ရာသီတုန်းက တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ ၇၃ ဂိုးအထိ သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ဂိုးသွင်းအကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နောက်ထပ် ထင်ရှားတဲ့ မှတ်တိုက်တစ်ခု စိုက်ထူဖို့လည်း နီးစပ်လာနေပါပြီ။

ပီလီဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ဆန်းတို့စ်အသင်းအတွက် သွင်းဂိုး ၆၄၃ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး ပီလီရဲ့ ကာလကြာရှည်တင်ရှိထားတဲ့ တရားဝင်ကလပ်ဂိုးသွင်းစံချိန်ကို မက်ဆီအနေနဲ့လိုက်မီဖို့ ၄၆ ဂိုးသာ လိုပါတော့တယ်။

ဒါ့ကြောင့် ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးဟာ လက်ရှိခြေစွမ်းနဲ့ ဂိုးသွင်းနှုန်ပုံစံအတိုင်းသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ၂၀၁၉-၂၀ မှာ ပီလီရဲ့ ဆယ်စုနှစ် ၄ ခုကြာတင်ရှိထားတဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိပါတယ်။

Ref; KickOff

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly