စစ်ကောင်စီသစ်ကို ဖျက်သိမ်းဖို့ ဆူဒန်ဆန္ဒပြသူတွေ တောင်းဆို

စစ်ကောင်စီသစ်ကို ဖျက်သိမ်းဖို့ ဆူဒန်ဆန္ဒပြသူတွေ တောင်းဆို

ဆူဒန်နိုင်ငံမှာ စစ်ရုံးချုပ်ရှေ့ ထိုင်သပိတ်ဆင်နွှဲပြီး အရပ်သားအစိုးရအတွက် ဆန္ဒပြသူတွေက တောင်းဆိုလျက်ရှိနေချိန်မှာပဲ ဆန္ဒပြပွဲတွေကို စီစဉ်ကြီးကြပ်သူတွေဟာ စစ်ကောင်စီသစ်ကို ဖျက်သိမ်းဖို့ တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

သမ္မတဟောင်း အိုမာဘာရှားကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖြုတ်ချပြီးတာတောင် ဆက်လက်ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းလာလောက်ပုံ ရှိနေပေမယ့် အရပ်သားအုပ်ချုပ်ရေး တောင်းဆိုပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဆက်လက်စုရုံးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်ကောင်စီကို ဖျက်သိမ်းဖို့ လိုလားတယ်။ ဒီစစ်ကောင်စီနေရာမှာ စစ်တပ်ကိုယ်စားလှယ်တွေပါ ပါတဲ့ အရပ်သားကောင်စီသစ် ဖွဲ့စည်းအစားထိုးဖို့ တောင်းဆိုတယ်။”လို့ ဆူဒန်ပညာရှင်အသင်းရဲ့ အကြီးတန်းခေါင်းဆောင် မိုဟာမတ်နာဂျီက ပြောပါတယ်။

သမ္မတ ဘာရှားကို ရာထူးက ပြုတ်ကျစေခဲ့တဲ့ လတွေနဲ့ ချီတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ အဲဒီ ပညာရှင်အဖွဲ့ဟာ နိုင်ငံရဲ့ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်တို့ကိုလည်း ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုနေပါတယ်။

ဆူဒန်နိုင်ငံမှာ ကုန်စည်စျေးနှုန်းတွေ ကြီးမြင့်တာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာမှာ သေဆုံးသူ ၃၀ ထက်မနည်းလည်း ရှိခဲ့ပါတယ်။

ဒီ ဆန္ဒပြပွဲတွေကြောင့် စစ်တပ်က သမ္မတ ဘာရှားကို ဖြုတ်ချပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမယ်လို့ ကတိခံထားပေမယ့် ဆန္ဒပြသူတွေက အရပ်သားအစိုးရ မပေါ်ပေါက်မချင်း ဆန္ဒပြတာတွေ ရပ်မှာမဟုတ်ဘူးလို့ စိတ်ပိုင်းဖြတ် ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly