၂၀၁၅ တွင် ရွှေ့ပြောင်းအခြေချသူ ၁ ဒသမ ၅ သန်းရောက်ရှိမည်ဟု ဂျာမနီခန့်မှန်း

၂၀၁၅ တွင် ရွှေ့ပြောင်းအခြေချသူ ၁ ဒသမ ၅ သန်းရောက်ရှိမည်ဟု ဂျာမနီခန့်မှန်း

ဘာလင်၊ အောက်တိုဘာ ၅ ။            ။ ယခုနှစ်တွင် ခိုလှုံခွင့်တောင်းခံသူ ၁ ဒသမ ၅ သန်းရောက်ရှိလိမ့်မည်ဟု ဂျာမန်အာဏာပိုင်များက မျှော်လင့်ထားကြောင်း အောက်တိုဘာ ၅ ရက်ထုတ် Bild သတင်းစာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းပမာဏမှာ မူလက ၈၀၀,၀၀၀မှ တစ်သန်းအထိခန့်မှန်းခဲ့ရာမှ ပိုမိုခန့်မှန်းလိုက်ခြင်းဖြစ်သည်။

လျို့ဝှက်အဆင့်အတန်းသတ်မှတ်ထားသည့် အာဏာပိုင်များ၏ အတွင်းသတင်းခန့်မှန်းချက်ကို ထိပ်တန်းသတင်းစာကြီးက ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်း၊ အာဖရိကတို့ရှိ ပဋိပက္ခများနှင့် ဆင်းရဲမွေတေမှုတို့မှ ဥရောပသို့ ထွက်ပြေးနေသော ထောင်ပေါင်းများစွာသောလူများအနက် အများအပြားက ၎င်းတို့သည် ဥရောပ၏ အကြီးဆုံးစီးပွားရေး ဂျာမနီသို့ သွားရောက်နေသည်ဟု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်မည်ကို အာဏာပိုင်များက စိုးရိမ်နေပြီး အသစ်ရောက်လာသူများအတွက် နေစရာနှင့် သန့်ရှင်းရေးပစ္စည်း အဆောက်အအုံများ လုံလောက်စွာရရှိရေးအတွက်လည်း ရုန်းကန်နေရသည်ဟု Bild ကဖော်ပြခဲ့သည်။

"ရွှေ့ပြောင်းအခြေချမှုနဲ့ ပတ်သက်တဲ့ဖိအားတွေက နောက်ထပ်တိုးလာဦးမှာပါ။ စတုတ္ထမြောက်သုံးလပတ်မှာလည်း နေ့စဉ်တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ခုနှစ်ထောင်ကနေ တစ်သောင်းအထိရှိ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်"ဟု သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ရွှေ့ပြောင်းအခြေချသူများဝင်ရောက်မှု များပြားခြင်းက သက်ဆိုင်ရာပြည်နယ်၊ မြူနီစီပယ်ဒေသများအတွက် လွန်ကဲသည့် ဝန်ထုပ်ဝန်ပိုးများဖြစ်လာနိုင်ကြောင်းလည်း သတင်းအစီရင်ခံစာ တွင်ဖော်ပြထားသည်။

ခိုလှုံခွင့်ရရှိသူများသည် ၎င်းတို့၏ မိသားစုများကိုလည်း ဂျာမနီသို့ခေါ်ဆောင်မည်ကို စိုးရိမ်မှုများရှိနေကြောင်း အာဏာပိုင်များ၏ အစီရင်ခံစာက ကိုးကားဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ မိသားစုဖွဲ့စည်းပုံများအရ ခိုလှုံခွင့်ရသူတစ်ဦးသည် ၎င်း၏မိသားစုဝင် လေးဦးမှ ရှစ်ဦးအထိ ခေါ်ယူနိုင်သည်ဆိုသည်။

ဥရောပသည် ၎င်းထံသို့ဝင်ရောက်လာသည့် အရေအတွက်ကို ကန့်သတ်ရန် လိုအပ်နေသည်ဟု ဂျာမနီဘဏ္ဍာရေးဝန်ကြီး ဝို့ဖ်ဂန်ရှာယူဘယ်က အောက်တိုဘာ ၄ ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly