အဆိပ်သင့်မြို့ကို ကယ်တင်ရန် ရှမ်းပြည်နယ်ဒေသခံတို့ တောင်းဆို

အဆိပ်သင့်မြို့ကို ကယ်တင်ရန် ရှမ်းပြည်နယ်ဒေသခံတို့ တောင်းဆို
 ဓာတ်ပုံ - ဖြိုးသီဟချို

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တီကျစ်မြို့သည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတို့၏ စွန့်ပစ် ပစ္စည်းများကြောင့် အဆိပ်သင့်နေသဖြင့် ထိုလုပ်ငန်းများ ပိတ်သိမ်းရန် ရာနှင့်ချီသည့် မြို့ခံတို့က ယနေ့ ဆန္ဒပြတောင်းဆိုလိုက်သည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိုလုပ်ငန်းများက ထိခိုက်စေသည်ဟု ၎င်းတို့က ဆိုသည်။

တီကျစ် ဓာတ်အားပေး စက်ရုံကို ယခုလ အတွင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဟု သိရကြောင်း၊ သက်တမ်းမတိုးစေရန် အစိုးရကို ဖိအားပေးခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ စိုင်းသန်းဝင်းက ပြောသည်။

စက်ရုံကြောင့် ဒေသခံတို့ ကျန်းမာရေး၊ လူမှုရေး ဆုံးရူံးမှု အထောက်အထား ပြသနိုင်ပါက စက်ရုံများ ဖျက်သိမ်းပေးမည်ဟု အစိုးရက ကတိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့ဒီအချိန်မှာ ဒေသခံတွေရဲ့ ပျက်စီး ဆုံးရှုံးမှုတွေအတွက် တိကျတဲ့ သက်သေ အထောက်အထားတွေ ကျွန်တော်တို့မှာ ရှိနေပါပြီ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

အမှတ်(၂)လျှပ်စစ် စွမ်းအင်းဋ္ဌာန လက်အောက်ရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို  ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဝူရှီးကွာဟမ်း ကုမ္ပဏီက လုပ်ပိုင်ခွင့် ရခဲ့သည်။

ယင်းကာလ မတိုင်မီ အစိုးရက ထိုစက်ရုံကို ၁ဝ နှစ်ကြာ လည်ပတ်ခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက  ၂၀၁၆ စက်တင်ဘာလ  အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောသည်။

ယနေ့ဆန္ဒပြသူတို့က အဆိပ်သင့် စက်ရုံ ရပ်တန့်ရေး၊ ဝူရှီးကွာဟမ်း ကုမ္ပဏီ အလိုမရှိ၊ ဧဒင် ကျောက်မီးသွေးမိုင်း ပိတ်သိမ်းရေး စသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ နံနက် ၉ နာရီက စတင်ပြီး တီကျစ်-ပင်လောင်း လမ်းမကြီး အတိုင်း လမ်းလျှောက်ကာ ဧဒင် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း၊ တီကျစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများအထိ ချီတက်ပြီး ဆန္ဒပြကြသည်ကို တွေ့ရသည်။

အဆိပ်သင့် သောက်သုံးရေ

သန့်ရှင်းသော ရေအတွက် လှုပ်ရှားမှု - Waterkeeper Alliance ဟု အမည် ပေးထားသည့်  ပြည်ပ အခြေစိုက် အဖွဲ့အစည်းက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တီကျစ်ဒေသမှ ရေနမူနာ ၁၃ ခုကို ဓာတ်ခွဲ စစ်ဆေးရာ ၁၂ ခုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သောက်သုံးရေအဆင့် သတ်မှတ်ချက်ထက် များစွာ ကျော်လွင်နေကြောင်း ထုတ်ပြန်ထားသည်။

မြို့ခံတို့သောက်သုံးရေအဖြစ် အသုံးပြုသည့် တီကျစ်ရေလှောင်တမံ၏ ရေနမူနာကို ဓာတ်ခွဲစစ်ဆေးရာတွင် ကက်ဒမီယံ၊ ခဲ၊ ဆလမ်နီယံ သတ္ထုဓာတ်များ ပါဝင်နှုန်း မြင့်မားနေသည့် အချက်မှာ စိုးရိမ်ဖွယ်ရာ အချက်ဖြစ်သည်ဟု အစီရင်ခံစာ ထုတ်ပြန်သူ ပေါလ်ဝင်းက သုံးသပ်ထားသည်။

ထိုသတ္ထုဓာတ် ပါဝင်နှုန်းမြင့်မားနေခြင်းကြောင့် ဒေသခံတို့ ကင်ဆာ၊ သားပျက် သားလျှော၊ ကျောက်ကပ်နှင့် အသည်း ထိခိုက်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းတို့  ဖြစ်ပွားနိုင်သည်ဟု အစီရင်ခံစာက သုံးသပ်သည်။

ဆန္ဒပြပွဲကို လာရောက် အားပေးသည့် တီကျစ်မြို့တွင်နေထိုင်သူ ကိုသားငယ်က လွန်ခဲ့သည့် ၁၀နှစ်ခန့်က ၎င်း၏ ဇနီး ကလေးပျက်ကျခဲ့ပြီး ယနေ့ အချိန်ထိ ကလေးမရရှိနိုင်တော့ကြောင်း ပြောသည်။

ဆန္ဒပြ တောင်းဆိုသူများထဲတွင် တစ်ဖွဲ့ အပါအဝင်ဖြစ်သည့် ပအိုဝ့် လူငယ်အစည်းအရုံးမှ တာဝန်ခံတစ်ဦးဖြစ်သူ နန်းပိုက ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးတွင်းတို့မှ ထွက်ရှိသည့် စွန့်ပစ္စည်းများ၏ အန္တရာယ်မှာ  ပအိုဝ်း တိုင်းရင်းသားတို့၏ မျိုးဆက်ပွားရေး ပြဿနာ ဖြစ်နေပြီဟု ဆိုသည်။

“ပအိုဝ်းအမျိုးသမီးတွေအတွက်တင်သာ မကဘူး၊ တီကျစ်ဒေသမှ နေထိုင်ကြတဲ့ ရှမ်းတို့၊ ဓနုတို့၊ တောင်ရိုးတို့ စတဲ့ အမျိုးသမီးတွေ အားလုံးအတွက် စိုးရိမ်မိပါတယ်။ သူတို့ အတွက် မျိုးဆက်သစ်တွေ အတွက် မျိုးသုဉ်းသွားမှာကို စိုးရိမ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly