ထိုင်းနိုင်ငံဘုရင့်သမီးတော် ထားဝယ်စီမံကိန်းနှင့် မြိတ်မြို့သို့ ရောက်ရှိလေ့လာ

ထိုင်းနိုင်ငံဘုရင့်သမီးတော် ထားဝယ်စီမံကိန်းနှင့် မြိတ်မြို့သို့ ရောက်ရှိလေ့လာ
Photo Myawady

အောက်တိုဘာ ၅ ရက် ။          ။ ထိုင်းနိုင်ငံဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံသည် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် မြိတ်မြို့သို့ လာရောက်လေ့လာသွားကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်အရ မဟာချက်ကရီ သီရိဒုံဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၃ ရက်နေ့နှင့် ၄ ရက်တို့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်း-ဂျပန်နိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ယင်းစီမံကိန်းနယ်မြေသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်အရ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းဖြစ်သည်။

၂၀၁၄ ခု အောက်တိုဘာအတွင်းက ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာသည်လည်း သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ လာရောက်တွေ့ဆုံ၍ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စကို ဆွေးနွေး ခဲ့သေးသည်။ ယင်းဆွေးနွေးပွဲအပြီး တစ်နှစ်ကြာအတွင်း ထိုင်းဘုရင့်သမီးတော်ရောက်ရှိလာခြင်းဖြစ်သည်။

အောက်တိုဘာ ၃ ရက်နေ့၌ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း သို့ရောက်ရှိခဲ့သည့် မဟာချက်ကရီ သီရိဒုံနှင့်အဖွဲ့အား ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အာခွန်းနှင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာပရမ်ချိုင်တို့က ကနဦးစီမံကိန်း ဆောင်ရွက်နေ မှုများကို တင်ပြကြသည်။

၂၀၂၅ ခုနစ်တွင် ဒေသခံပြည်သူ သုံးသိန်းခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟုဆိုသည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ တန်ချိန် တစ်သောင်းခွဲခန့်ရှိသည့် သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်ပြီးဖြစ်သည်။ ကုန်လှောင်ရုံများနှင့် ဆိပ်ကမ်း အဝင်အထွက် သောင်တူးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။

အထူးစီးပွားရေးဇုန်မှ မြန်မာ - ထိုင်း နယ်စပ်သို့ ဆက်သွယ်မည့် မိုင် ၉၀ခန့်ရှိ နှစ်လမ်းသွား မော်တော်ကားလမ်းမှာမူ မြေသားလမ်းအဆင့် ဖောက်လုပ်ထားပြီး လမ်းအဆင့်သို့ မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်သည်။

ကနဦး စီမံကိန်းတွင် စက်မှုဇုန်ဧက ၇၀၀၀ ခန့်အား အပိုင်းလိုက် တည်ဆောက်သွားမည်ဖြစ်ပြီး အထောက်အကူပြု လုပ်ငန်းများအဖြစ် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ မြို့ပြလုပ်ငန်းနှင့် တယ်လီဖုန်းလိုင်း တည်ဆောက်ရေးများကို ထည့်သွင်းဆောင်ရွက်သွားမည်ဟုသိရသည်။

မဟာချက်ကရီသီရိဒုံမင်းသမီးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်လည်း အောက်တိုဘာ ၃ ရက်နေ့ ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ထားဝယ်မြို့ရှိ နှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိ ထားဝယ်ဘုရားကြီးသို့ သွားရောက်ပြီး ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ကြေးဆင်းတုတော်ကြီးတို့ကို ဖူးမျှော်ကြည်ညိုပြီးနောက် ထားဝယ်မြို့မှ အထူးလေယာဉ်ဖြင့်  ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသည်။

တနင်္သာရီတိုင်း မြိတ်မြို့သို့မူ နောက်တနေ့ အောက်တိုဘာ ၄ ရက်၌ ရန်ကုန်မြို့မှ ထွက်ခွာရောက်ရှိခြင်းဖြစ်ပြီး တိုင်းလမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်း၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌတို့က ကြိုဆိုကြသည်။

မြိတ်မြို့ လေးကျွန်းဆီမီးသိမ်တော်ကြီးဘုရား၊ အလယ်ကျွန်းရပ်ကွက်ရှိ တောကျောင်းပရိယတ္တိစာသင်တိုက်၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာများသို့ သွားရောက်ခဲ့ဖူးမျှော်လေ့လာ ခဲ့သည်။

မဟာချက်ကရီသီရိဒုံမင်းသမီးနှင့်အဖွဲ့သည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် မြိတ်မြို့မှတစ်ဆင့် နေပြည်တော်သို့ ရောက်ရှိသွားခဲ့သည်။

၂၀၁၄ ခု အောက်တိုဘာအတွင်းက ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာနှင့် သမ္မတဦးသိန်းစိန်တို့တွေ့ဆုံစဉ် ရှမ်းပြည်နယ် ကျိုင်းတုံ၊ တနင်္သာရီတိုင်း မြိတ်၊ ကော့သောင်း စသည့် မြို့သုံးမြို့နှင့် ထိုင်းနိုင်ငံမှ ချင်းမိုင်၊ ပရာကျွတ်၊ ရနောင်းမြို့များအား ညီအစ်မမြို့များအဖြစ် နားလည်မှုစာချွန်လွှာထိုးခဲ့ကြသည်။

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းတွင် စက်မှုဇုန်များ၊ ဆိပ်ကမ်း၊ အဝေးပြေးလမ်း၊ ရေကာတာ၊ ပြောင်းရွှေ့နေရာချထား မည့် ဧရိယာများ ပါဝင်သောကြောင့် ကျေးရွာပေါင်း ၂၀ မှ ၃၆ ရွာခန့် ထိခိုက်မည်ဟု သတင်းများက ဖော်ပြကြသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly