“စစ်ဗိုလ်ချုပ်ဖြစ်ရတာ စာနာ၊ သနားစရာ”

“စစ်ဗိုလ်ချုပ်ဖြစ်ရတာ စာနာ၊ သနားစရာ”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုအချိန်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ နောက်တစ်ကြိမ် တိုင်းပြည်တာဝန် ပြန်ပြီး ထမ်းဆောင်ခွင့် ရအောင် ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကြိုးစားနေရတဲ့ ကာလ ဆိုရင်လည်း မမှားပါဘူး။ ရွေးကောက်ပွဲ အနိုင်ရဖို့ ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ထောက်ခံမဲတွေ ရဖို့ လိုပါတယ်။

ဒီအတွက် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေဟာ ပြည်သူလူထု ထောက်ခံမဲ ရဖို့ မဲဆွယ် စည်းရုံးမှုတွေ အသည်းအသန် လုပ်နေကြရပါပြီ။ ဒီနေရာ မှာရွေးကောက်ပွဲဝင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ၊ အမတ်လောင်းတွေ ဆိုတာ တခြားသူတွေမဟုတ်ပါဘူး။ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ကြ ပါတယ်။ တပ်မတော်မှာ ထိပ်ပိုင်းတာဝန်ယူလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အနေနဲ့ နိုင်ငံရေး မဲဆွယ် စည်းရုံးမှုကို အဆင်ပြေပြေ လုပ်နိုင်ကိုင်နိုင်ကြပါရဲ့လား၊ မလုပ်တတ် မကိုင်တတ်နဲ့ သနားစရာများ ကောင်းနေမလား ဆိုတာ ဒီကနေ့ ဝေဖန်ဆွေးနွေးကြည့်ပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ် စည်းရုံးပွဲတွေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ မဲဆွယ် စည်းရုံးပွဲဟာ အကြီးဆုံး ဖြစ်ဖွယ်ရှိပါတယ်။ ၂၀၁၀ တုန်းက စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ယူခဲ့တဲ့ နေပြည်တော် မဲဆန္ဒနယ်မြေတွေဟာ ၂၀၁၂ မှာတော့ အင်န်အယ်လ်ဒီ အမတ်တွေကို ရာခိုင်နှုန်းပြည့် အရှုံးပေးခဲ့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ အခုအဲဒီ နယ်မြေမှာပဲ ပြည်ခိုင်ဖြိုး ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းတွေ အင်နဲ့ အားနဲ့ ယှဉ်ပြိုင်ကြမှာမို့ နေပြည်တော် မဲဆန္ဒနယ်မြေဟာ သူတို့ အတွက် အလွန်အရေးကြီးပါတယ်။

ဒါကြောင့် အဲဒီ မဲဆွယ်စည်းရုံးရေး နေ့က ပါတီထိပ်တန်းခေါင်းဆောင်တွေ၊ ပူပူနွေးနွေး အငြိမ်းစားယူ၊ ပြည်ခိုင်ဖြိုးထဲဝင်ပြီး အမတ်လောင်း ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေ စုံစုံညီညီ တက်ရောက် စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ခေါ်ယူထားတဲ့ ပရိတ်သတ်တွေဟာ ပွဲကို ဆုံးတဲ့အထိတောင် နားမထောင်နိုင်ပဲ ဒန်ပေါက်ထုတ်တွေ ဆွဲပြီး ထ ပြန်ကြလို့ မပြန်ကြပါနဲ့ဦး ဆိုပြီး အသံချဲ့စက် ကနေ တားယူရသည် အထိ ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီ ရုပ်သံဖိုင် အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာမို့ ပြည်ခိုင်ဖြိုးခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေ စိတ်မသက်သာ ဖြစ်ခဲ့မှာ ကတော့ အသေအခြာပါပဲ။

နေပြည်တော်မှာ မဲဆွယ်တဲ့ ဝန်ကြီးလည်းဖြစ် စစ်ဗိုလ်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဦးမြင့်လှိုင် ရဲ့ မဲဆွယ်တရားကိုလည်း နားထောင်ကြည့်ကြပါဦး။ "ကုလားကြီးကို ယူပြီးမှ၊ ဟိန္ဒူကြီးကိုယူပြီးမှ၊ မွတ်ဆလင် ကြီးကိုယူပြီးမှ၊ နီဂရိုးကြီးကို ယူပြီးမှ အင်္ဂလိပ်ကြီးကိုယူပြီးမှ ကျမအမျိုးကို ချစ်ပါတယ်၊ တိုင်းပြည်ကိုချစ်ပါတယ်လို့ပြောရင် နားမထောင်ပါနဲ့။ ကျွန်တော် တိုင်းပြည်ကို သိပ်ချစ်ပါတယ် သာသနာကို လုပ်ပါမယ်ပြောပြီး ဘာသာခြားကို ယူထားရင် ယုံမလား။" ဆိုပြီး ဖြစ်ပါတယ်။ ပြည်သူကို ကောင်းကောင်း စည်းရုံးစရာ မရှိတော့ တစ်ဖက်သားကို ပုတ်ခတ် တိုက်ခိုက်မိရက်သား ဖြစ်သွားတာပါ။

လျှပ်စစ်ဝန်ကြီးလည်းဖြစ် ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးခင်မောင်စိုးရဲ့ စည်းရုံးမှုကလည်း အမှုဖွင့်ဖို့ တိုင်တန်းခံရသည် အထိ ဖြစ်ခဲ့ပါတယ်။ တိုင်ကြားခံရတဲ့ အကြောင်းကတော့ မီးစက်ကြီး ပြပြီး မဲဆွယ် စည်းရုံးရေး လုပ်လို့ ဖြစ်ပါသတဲ့။ မဲဆွယ် စည်းရုံးရေးနဲ့ မီးစက် ဖွင့်ပွဲ ပေါင်းပြီး လုပ်လို့ ဖြစ်ပါတယ်။ မီးစက်ကို အစိုးရဘတ်ဂျက်ကနေ ကျခံ တည်ဆောက်ပေးထားတာပါ။ မီးစက်ဝင်း ပတ်ပတ်လည် မှာပြည်ခိုင်ဖြိုး အလံတွေ တလူလူလွှင့်၊ မီးစက်မှာ ပြည်ခိုင်ဖြိုး စတစ်ကာ ကပ်ပြီး မဲဆွယ်စည်းရုံးရေး လုပ်တာ ဖြစ်တယ်လို့ အမှုဖွင့် တိုင်ကြားသူ အင်န်အယ်လ်ဒီ လှည်းကူးအမတ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

လက်ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ်လည်းဖြစ်၊ စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်၊ လာမယ့် ရွေးကောက်ပွဲမှာ ထပ်ဝင်ပြိုင်ဦးမယ့် ဦးသိန်းအောင် ကလည်း ရီစရာ စကားတွေ ပြောပြီး မဲဆွယ်ပါတယ်။ လက်ရှိ သူ အလုပ်လုပ်ရတာမလွတ်လပ်တဲ့အကြောင်း၊ ဗဟို ချုပ်ကိုင်မှု အလွန်များကြောင်း၊ ဗဟိုချုပ်ကိုင်မှုသာ နည်းရင် ပုသိမ်ကိုစင်ကာပူလို ဖြစ်အောင် သူလုပ်ပေးနိုင်တဲ့အကြောင်းအောက်တိုဘာ ၃ ရက်နေ့ကပြော ပါတယ်။ နောင်ဆို ပုသိမ်တင်မက ဟင်္သာတ၊ ဖျာပုံ၊ ဘိုကလေး ကိုလည်း စင်ကာပူလို ဖြစ်အောင် လုပ်ပေးနိုင်တယ် ဆိုပြီး ထပ်ကွန့်လိုက်ပါသေးတယ်။ ဦးသိန်းအောင်ဟာ စင်ကာပူဆိုတာ ဘယ်လိုနိုင်ငံ အဆင့်အတန်းမျိုး မသိလို့ ပြောတာလား၊ ဒါမှမဟုတ် ဧရာဝတီတိုင်းသား တောသားတွေ စင်ကာပူဆိုတာ ရောက်ဖူးကြမှာ မဟုတ်ဘူးလို့ တစ်ထစ်ချ ယုံကြည်ပြီး ပြောသလား သူပဲ သိနိုင်မှာပါ။

အလားတူပါပဲ။ တောင်ဥက္ကလာပ မြို့နယ်ကနေ ရွေးကောက်ပွဲ ပြန်ဝင်မယ့် အရင် ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ်၊ လက်ရှိ လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်သိန်းလင်း ကလည်း ပြည်သူတွေ ပြုံးတုံးတုံး ဖြစ်စေမယ့် စကားလုံးတွေ သုံးပြီး မဲဆွယ်ပါတယ်။ သူဟာ လွှတ်တော်ထဲ ရောက်သွားတော့ တိုင်းပြည်အတွက် အလွန်အလုပ်လုပ်တဲ့ အကြောင်း၊ ဒါကြောင့် ပြည်ခိုင်ဖြိုး ပါတီကနေ သူ့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC ကနေတောင် ဖယ်ရှားလိုက်သည် အထိ ဖြစ်ခဲ့ကြောင်း ပြောပြီး မဲဆွယ်ပါတယ်။ သူက ပြည်သူ့အကျိုးကို လိုလားပြီး သူ့ရဲ့ မိခင်ပါတီ ပြည်ခိုင်ဖြိုး ကတော့ လူဆိုးပါတီ ဖြစ်သယောင် ပြောပြီး မဲဆွယ်တာပါ။

အားလုံးကို ခြုံငုံသုံးသပ်ရရင် စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးရေး လုပ်ငန်းကို ကျွမ်းကျင်မှု မရှိပဲ သူတို့ စိတ်ထင်သလို လုပ်ကိုင်နေကြရတာပါ။ မဲဆွယ် စည်းရုံးရေး လုပ်ငန်း၊ ပါတီ တည်ဆောက်ရေး လုပ်ငန်း စတာတွေဟာ နိုင်ငံရေး လုပ်ငန်းရဲ့ အစိတ်အပိုင်းတွေပါ။ ကျွန်တော်တို့ရဲ့ တပ်မတော် စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ဒီလို လုပ်ငန်းကို အတော်လေး မကျွမ်းကျင်ဘူး ဆိုတာ ပေါ်လွင်ပါတယ်။ သူတို့ကို မေးရင် ပြောကြမှာကတော့ တစ်ခွန်းပါပဲ။ အထက်က တာဝန်ပေးလို့ လုပ်ရတယ် ဆိုပြီး ဖြေကြမှာပါ။ အထက်က ဘာကြောင့် တာဝန်ပေးရတာလည်း ဆိုတာ ပြန်ဆန်းစစ်ရင် ဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ နိုင်ငံမှာ စစ်ဘုရင်မင်းဆက် နောက်သက်တန်း တစ်ခု အုပ်ချုပ်ခွင့်ရအောင် ကြိုးပမ်းဖို့ တာဝန်ပေးခံရတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ နိုင်ငံရေး လုပ်ငန်း၊ ပြည်သူလူထု ထောက်ခံမှု ရအောင် လုပ်ရတဲ့ လုပ်ငန်း၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့ လုပ်ငန်း ဆိုတာဟာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်၊ ကိုယ့်အသိစိတ်နဲ့ ကိုယ် ရွေးချယ် လုပ်ကိုင်ရတဲ့ အလုပ်မျိုးပါ။ ဒါမှသာ အောင်မြင်မှု ရတတ်ပါတယ်။ လုပ်တတ်တတ် မလုပ်တတ်တတ်၊ တာဝန်ပေးလို့ လုပ်ရတယ် ဆိုတာမျိုးကတော့ အောင်မြင်မှု မရတတ်ပါဘူး။ အခု စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မဲဆွယ် စည်းရုံးရေး ကဘောက်တိ ကဘောက်ချာ ဖြစ်ရတာကလည်း အဲလို တာဝန်ပေးလို့ လုပ်ရတဲ့ အခြေအနေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဒီလိုအခြေအနေမျိုးအောက်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဆိုတာဟာ စာနာ သနားစရာ ကောင်းသူတွေသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags