ဘိုလီဗီးယားက မျိုးသုဉ်းခါနီး ဖားစုံတွဲ ပထမဆုံး ချိန်းတွေ့ကြပြီ

ဘိုလီဗီးယားက မျိုးသုဉ်းခါနီး ဖားစုံတွဲ ပထမဆုံး ချိန်းတွေ့ကြပြီ

ဧပြီ ၂ ။    ။ ကမ္ဘာမှာ မျိုးသုဉ်းပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ရှားပါး ဖားမျိုးစိတ်တစ်ခုရဲ့ ကံကြမ္မာကတော့ ယခုအခါ ပျော်ရွှင်စရာ အချစ်ဇာတ်လမ်းတစ်ခုဆီ ရောက်ရှိလာပြီလို့ ယူဆရနိုင်ပါတယ်။

ကမ္ဘာ့အထီးကျန် အဆန်ဆုံးလို့ ကနဦးက သတ်မှတ်ခံထားရတဲ့ ဘိုလီဗီးယားက ဖားထီးလေး ရိုမီယို ကို ယင်းနိုင်ငံရှိ တောနက်တစ်ခုထဲဲကနေ ရှာတွေ့ထားတဲ့ မျိုးစိတ်တူ ဖားမလေး ဂျူးလီးယက်နဲ့ ချိန်းတွေ့ဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ယင်း ဖားစုံတွဲကို အထီးလေး နေထိုင်တဲ့ ငါးပြတိုက်တစ်ခုမှာ အတူနေထိုင်စေလိုက်တဲ့နောက်မှာပဲ သူတို့နှစ်ကောင်ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးနေလျက်ရှိပါတယ်။

ယင်း ကမ္ဘာ့ ရှားပါးဖားစုံတွဲကနေတဆင့် သားပေါက်လေးတွေ ပေါက်ဖွားလာစေပြီး ဖားမျိုးစိတ် ဆက်လက်ရှင်သန်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မျှော်လင့်နေလျက်ရှိပါတယ်။

ဒါပေမယ့်လည်း ယင်း ဖားစုံတွဲကနေ ဖားလောင်းတွေ  ပေါက်ဖွားလာဖို့ကိုတော့ စောင့်ကြည့်သွားရဦးမယ်လို့ သိရပါတယ်။

ကာလတစ်ခုကြာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ယင်း ဖားလေးနှစ်ကောင်ကို ရိုမီယို လက်ရှိနေထိုင်တဲ့ ငါးပြတိုက်ဆီ ရွှေ့ပြောင်းပေးထားခဲ့တာဖြစ်ပါတယ်။ ယင်းနေရာမှာတော့ ဖားထီးလေး ရိုမီယိုဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် မိတ်လက်ဖို့ အချက်ပြအော်မြည်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအတွက်ကြောင့် ယင်း ဖားလေးက အကောင်ပေါက်ဖို့ စိတ်အားထက်သန်နေပုံလည်း ရပါတယ်။

“ ဖားလေး ရိုမီယိုက ဂျူးလီးယက်အပေါ်မှာ တကယ့်ကို နှစ်သက်ပုံ ရပါတယ်၊ ဖားမလေး ရောက်လာတယ်ဆိုရင်ပဲ ဖားထီးလေးက သူစားမယ့် တီကောင်တွေကိုတောင် မစားဘဲ ဖားမလေးအတွက် ချန်ထားပေးတာကိုတွေ့ရပါတယ်” လို့ ဘိုလီဗီးယား ငါးပြတိုက်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တီရီဆာ ကမာချိုက ပြောသွားပါတယ်။

ဖားမလေး ဂျူးလီးယက်ကို ဇန်နဝါရီလက ဘိုလီဗီးယား သစ်တောတစ်ခုကနေ ရှာမတွေ့မီအချိန်အထိ ဖားလေး ရိုမီယိုကို ယင်းမျိုးစိတ်မှာ တစ်ကောင်တည်းကျန်ရှိနေတဲ့ ကမ္ဘာ့အထီးကျန်ဆုံးဖားလေးလို့တောင် သတ်မှတ်ခံထားခဲ့ရပါသေးတယ်။

“  ရိုမီယိုက သူတစ်ကောင်တည်း နေလာတာ အတော့်ကို ကြာပြီဆိုတော့ ခုလို သူ့ကို အဖော်တစ်ကောင်နဲ့ အတူမြင်ရတာ ထူးဆန်းသလိုတောင် ဖြစ်နေပါတယ်” လို့လည်း ကမာချိုက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly