မိုးညှင်းမြို့တွင် ဆယ်ကျော်သက်လူငယ်တစ်ဦး ယာတောထဲတွင် သေဆုံးမှု ဖြစ်ပွား

By ဂျူနီယာပေါက်ကျိုင်း
01 April 2019
မိုးညှင်းမြို့တွင် ဆယ်ကျော်သက်လူငယ်တစ်ဦး ယာတောထဲတွင် သေဆုံးမှု ဖြစ်ပွား

မိုးညှင်း ဧပြီ ၁ ။           ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်(၂) မိုင်ခန့်အကွာ လောက်စာတောင်အနီး ယာတောတစ်ခုတွင် ဆယ်ကျော်သက်ရွယ် လူငယ်တစ်ဦး သေဆုံးနေသည်ကို မတ် ၃၁ ရက်က တွေ့ရှိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ အသက်(၁၃) နှစ်ရှိ မွေးရာပါဉာဏ်ရည်အားနည်းသူ မောင်ဂျွန်လုံဘုရ်ဟု စုံစမ်းသိရှိရပြီး ၎င်းပျောက်ဆုံးနေသည်မှာ ၃ ရက်ခန့် ရှိပြီ ဖြစ်ကာ အစာရေစာပြတ်လပ်သေဆုံးသည်ဟု လတ်တလောတွင် ရဲတပ်ဖွဲ့မှ ယူဆထားသည်။

ဖြစ်စဉ်မှာ မတ် ၂၇ ရက် နံနက် ၁၀ နာရီခန့်က လောက်စာတောင်အနီးရှိ ၎င်း ဖခင် ဦးရိန်ကုတ်၏ ယာခင်းထဲမှ ထွက်သွားခဲ့သည်ဟု သိရသည်။ သေဆုံးသူအား မိုးညှင်းမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ်(၂/၁၉) ဖြင့် လိုက်လံရှာဖွေနေပြီး ယခုလို သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း၏အလောင်းကို ဦးလေးဖြစ်သူ ဦးထိန်လင်းက မိုးညှင်းမြို့ အရှေ့စုရပ်ကွက်၊ လောက်စာတောင်ပေါ်ဘုရား၏ တောင်ဘက်မိုင်ဝက်ခန့်အကွာ ယာတောထဲတွင် မတ် ၃၁ ရက် နံနက် နာရီအချိန်က တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးချိန်တွင် ၎င်း၏ပါးစပ်နှင့် ဘယ်/ညာ ခြေသလုံးတို့တွင် ပွန်းခြစ်ဒဏ်ရာများတွေ့ရှိရ၍ မောင်ဂျွန်လုံဘုရ်အား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန်  သေမှုသေခင်းအမှတ်စဉ် (၈/၁၉) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly