အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနိုင်မည့် India Education Fair 2019 ပြုလုပ်

အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနိုင်မည့် India Education Fair 2019 ပြုလုပ်

မတ်၊ ရန်ကုန် ။    ။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားနိုင်မည့့်် India Education Fair 2019 ကို မတ်လ ၂၉ ရက်နေ့မှ ၃ဝရက်နေ့အထိ ရန်ကုန်မြို့ Summit Park View Hotel တွင် ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများအနေဖြင့် ၄ဝ ရာခိုင်နှုန်း Scholar ရရှိမည်ဖြစ်ပြီး Full Scholar ရနိုင်မည့် အခွင့်အရေးများလည်း ရှိကြောင်း သိရသည်။

“ဒီနေ့ပါဝင်ဖြစ်တာကတော့ စိတ်ဝင်စားလို့ပါ။ ပြီးတော့ ညီမကျတော့ စီးပွားရေးပိုင်းကို စိတ်ဝင်စားတယ်။ အဲ့ဒါကြောင့် ဒီပွဲကို လာတက်တယ်။ အင်္ဂလိပ်စာလည်း လေ့လာနေတော့ ဒီပွဲမှာ သူတို့ပြောဆိုတာတွေကို နားရည်ဝအောင် လာလေ့လာဖြစ်တာပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့နိုင်ငံမှာ private school ဖွင့်တာကို ညီမတို့လည်း join နိုင်အောင် လုပ်ပေးတာပေါ့နော်။ အခုစျေးနှုန်းကတော့ နဲတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ဆီမှာ နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့က သူတို့နဲ့ တိုင်ပင်သင့်တယ်”  ဟု ပွဲတက်ရောက်သူ မဇာဇာက ပြောသည်။

ပညာသင်ဆုများကို  Engineering၊ Law၊ Language ပိုင်း၊ Computer၊ Management ပိုင်း၊ Science၊ Hotel ပိုင်း၊ Medical ပိုင်း၊ IT ပိုင်းစသည်တို့နှင့် ပတ်သက်ပြီး ပညာသင်ဆု လျှောက်ထားနိုင်မည် ဖြစ်သည််။ အိန္ဒိယ နိုင်ငံတွင် ၁၂တန်း အထိတက်ရောက်ပြီးမှ တက္ကသိုလ်တက်ရောက်နိုင်သောကြောင့် မြန်မာနိုင်ငံမှ ပညာသင်ဆု လျှောက်ထားသူများအနေနှင့် အနိမ့်ဆုံးပညာအရည်အချင်း ဒုတိယနှစ်သတ်မှတ်ထားကြောင်း သိရသည်။

India Education Fair 2019မှ မြန်မာကျောင်းသားများအနေနှင့် အိန္ဒိယနိုင်ငံတွင် ကုန်ကျစရိတ် သက် သာစွာပညာသင်ကြားနိုင်မည်ဟု Mm TESOL ၏ Co- Chair ဒေါ်ကက်သလင်းသိန်းက ပြောသည်။

“ပညာရေးမှာဆိုရင်တော့ IT ပိုင်းတွေကျတော့ အိန္ဒိယက တော်တော်ကောင်းတယ်။ IT စိတ်ဝင်စားတဲ့ သူတွေဆိုရင်လည်း ပိုပြီးတော့ အဆင်ပြေတယ်။ နောက်ဒီမှာ ကြည့်လိုက်တဲ့အခါကျတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူဘူး။ တစ်ချို့ University တွေဆိုရင် အမျိုးသမီးတွေကို ၇၅ ရာခိုင်နှုန်းထိ လျှော့ပေးတဲ့ University တွေရှိတယ်။ တစ်ချို့တွေကျတော့လည်း Level ကို ကြည့်ပြီး ပေးတာရှိတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ကျောင်းသား တွေကို တော်တော်လျော့လျော့ပေါ့ပေါ့လေးနဲ့ ကုန်ကျစရိတ်သက်သာအောင် လုပ်ပေးထားတာ တွေ့တယ်။ သွားတဲ့ တပည့်တွေဆိုလည်း ဆက်သွယ်တာတွေရှိတယ်။ သူတို့ အဆင်ပြေတဲ့ အကြောင်းပေါ့” ဟု ၄င်းက ပြောသည်။

India Education Fair ကို ၂ဝ၁၃ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံတွင်ကျင်းပခဲ့ပြီး ယခုပွဲသည် ၆ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။။ နှစ်စဉ် မြန်မာနိုင်ငံမှ ကျောင်းသားပေါင်း ၁ဝဝ ခန့််ကို အိန္ဒိယနိုင်ငံက တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန်် အဆိုပါ India Education Fair မှ  ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်လျက််ပြီး စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်လေ့လာခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly