တနင်္သာရီဂျာနယ်အမှု ဧပြီ ၁၉ရက်တွင် အပြီးသတ် လျှောက်လဲချက်ပေးမည်

တနင်္သာရီဂျာနယ်အမှု ဧပြီ ၁၉ရက်တွင် အပြီးသတ် လျှောက်လဲချက်ပေးမည်
ဓာတ်ပုံ- မျိုးအောင်

ရန်ကုန်၊မတ် ၂၉ ။      ။ တနင်္သာရီဂျာနယ်အမှုအတွက် အယူခံကို ထားဝယ်ခရိုင် တရားရုံးက မတ်လ ၂၉ရက်နေ့က လက်ခံကြောင်း အမိန့်ချခဲ့ပြီး လာမည့် ဧပြီလ ၁၉ ရက်နေ့တွင် နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အပြုံးသရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မျှတခြင်းမရှိဟု ဆိုကာ တနင်္သာရီ ဂျာနယ်ဘက်မှ ထားဝယ်ခရိုင် တရားရုံးသို့ မတ်လ ၁၃ရက်နေ့တွင် အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

 "ကျွန်တော်တို့ အယူခံလျှောက်ထားတာနဲ့ပတ်သက်ပြီး ဒီနေ့ အယူခံလက်ခံလိုက်တယ်။လက်ခံပြီးတော့ ဧပြီလ ၁၉ရက်နေ့မှာ နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ပေးရမယ်" ဟု တနင်္သာရီ ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

မဲဆွယ်အပြုံး သရော်စာဖော်ပြခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ တရားစွဲဆိုထားသည့် တနင်္သာရီ ဂျာနယ်အမှုအတွက် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင်  အမိန့်ချမှတ်ခဲ့ပြီး တနင်္သာရီ ဂျာနယ်ကို ထားဝယ်တရားရုံးမှ ဒဏ်ငွေအနေဖြင့် ၅သိန်းပေးဆောင်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည့်အမှု ဖြစ်သည်။

အဆိုပါအမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်များ၏ မိသားစုဝင်များကို ရည်ရွယ်ရေးသား ကြောင်း ပေါ်လွင်နေခြင်းနှင့် မီဒီယာဥပဒေအရ ပေးထားသည့် လွတ်လပ်ခွင့်၊တည်ဆဲဥပဒေအရ ပေးထားသော လွတ်လပ်ခွင့်များအပေါ် ဘောင်ကျော်လွန်နေသည့်အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

ထားဝယ် မြို့နယ် တရားရုံး၏ ယင်းကဲ့သို့ အမိန့် ချမှတ်လိုက်ခြင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သတင်း မီဒီယာ အဖွဲ့အစည်းများက သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

 

Mizzima Weekly