ဒါကာက အထပ် ၁၉ ထပ် စီးပွားရေးအဆောက်အအုံမှာ မီးကြီးလောင်၍ ဝန်ထမ်းတော်တော်များများ ပိတ်မိနေဖွယ် ရှိ

ဒါကာက အထပ် ၁၉ ထပ် စီးပွားရေးအဆောက်အအုံမှာ မီးကြီးလောင်၍ ဝန်ထမ်းတော်တော်များများ ပိတ်မိနေဖွယ် ရှိ

ဒါကာ၊ မတ် ၂၈ ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ၁၉ ထပ်ရှိ စီးပွားရေးအဆောက်အအုံ မတ် ၂၈ ရက်က မီးအကြီးအကျယ်လောင်ပြီး ဝန်ထမ်းတော်တော်များများ ပိတ်မိနေနိုင်တယ်လို့ စိုးရိမ်နေရပါတယ်။
လာကယ်ပေးကြဖို့ ပြတင်းပေါက်တွေကနေ အော်ဟစ်အကူအညီတောင်းနေသူတွေကို မီးလောင်မှုဖြစ်ပွားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ရပ်မှာ တွေ့မြင်ရပါတယ်။

မီးလောင်နေတဲ့ အဲဒီ အဆောက်အအုံပေါ်ကနေ လွတ်မြောက်အောင် ခုန်ချသူ ခြောက်ဦး အနည်းဆုံး ရှိနေတယ်လို့ ဒေးလီးစတားသတင်းစာက ဖော်ပြပါတယ်။

မီးလောင်နေတဲ့ အဆောက်အအုံကို ရဟတ်ယာဉ်တွေက အပေါ်ကနေ ရေနဲ့ ထိုးပက်ပြီး မီးကို အသည်းအသန်  ငြှိမ်းသတ်နေကြပါတယ်။

အခု မီးလောင်မှုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းဌာနတွေနဲ့ စည်ကားရာ ဘာနာနီအရပ်က လမ်းတွေမှာ ကြောက်လန့်တကြား ကြည့်ရှုနေကြတဲ့ လူအုပ်ကလည်း ရာပေါင်းများစွာ ရှိနေပါတယ်။

မီးကို  ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို ရေတပ်နဲ့ လေတပ်က ပညာရှင်တွေက ကူညီထောက်ပံ့မှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

“ကျွန်တော် မီးလှန့်သတိပေးချက် ကြားတာနဲ့ သုတ်ခြေတင်ပြီး ထွက်ပြေးခဲ့တာ ဖြစ်တယ်။ ရုံးမှာ ကျွန်တော် လုပ်ဖော်ကိုင်ဖက် တော်တော်များများ ပိတ်မိကျန်နေတယ်။”လို့ မီးဘေးက လက်မတင်လေး လွတ်မြောက်ခဲ့သူ ရက်ရှ်မန်းက ပြောပါတယ်။

ခုချိန်ထိ အဆောက်အအုံထဲမှာ ပိတ်မိနေသူ ဘယ်လောက်ထိ ရှိမလဲဆိုတာ မသိရသေးပါ။

ပြီးခဲ့တဲ့လအတွင်းကလည်း ဒါကာက ရပ်ကွက်ဟောင်းတစ်ခုမှာ မီးကြီးလောင်တာကြောင့် လူပေါင်း ၇၀ အနည်းဆုံး သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly