မန်းရွှေစက်တော်တွင် လူရွယ်တစ်ဦး ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွား

မန်းရွှေစက်တော်တွင် လူရွယ်တစ်ဦး ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွား

မကွေး၊ မတ် ၂၈ ။     ။ မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ်ရှိ မန်းရွှေစက်တော်တွင် ဘုရားဖူးလာသော လူငယ်တစ်ဦး မန်းချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုတစ်ခု မတ်လ ၂၈ရက်နေ့က ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ဆေးရုံရပ်တွင် နေထိုင်သော ကိုအောင်ခန့်ဇော် (၃၉)နှစ် (ဘ) ဦးအောင်လှိုင် စျေးရောင်းသည် နံနက်(၈)နာရီအချိန်တွင် မင်းဘူး/စကုမြို့နယ်ရှိ မန်းရွှေစက်တော်သို့ ဘုရားဖူး လာရောက် ခဲ့ပြီး အေးမေတ္တာတည်းခိုဆောင်အခန်း(၁၃)တွင်တည်းခိုခဲ့သည်။ ထို့နောက် နေ့လယ်(၁)နာရီခန့်တွင် မန်းချောင်းအတွင်း သူငယ်ချင်များနှင့်အတူ ရေချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဘယ်အချိန်ကစ ရေချိုးသလဲဆိုတာကတော့ မသိရဘူး။ ကိုအောင်ခန့်ဇော်ရဲ့ အလောင်းကို နေ့လယ် (၁) နာရီခန့်က ပုသိမ်မုံရွာတိုက်အနီး ကျောက်နှာမောင်း အမြှီးကျောက်တုံးနား တွေ့ရှိတာလို့ သိရပါတယ်၊ ဒီနှစ် ရွှေစက်တော်မှာ ဘုရားဖူးလာရင်း ရေနစ်သေဆုံးတာ (၃)ဦးရှိသွားပါပြီ” ဟု ဘုရားကျေးရွာတွင် နေထိုင်သော ဦးသန်းထွန်းက ပြောသည်။

အဆိုပါရေနစ်သေဆုံးသူအား မြတ်စေတနာလူမှုနာရေးကူညီမှုအသင်း၏ ယာဉ်ဖြင့် စကုဆေးရုံသို့ ပို့ဆောင်ပြီး စကုနယ်မြေရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ရှိ မန်းချောင်းတွင် ဘုရားဖူးလာသူ လူငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုတစ်ခု မတ် လ (၂၂)ရက်နေ့ညနေ(၄)နာရီခန့်က ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ကျော် ခန့်ကလည်း အမျိုးသားတစ်ဦး သီတာရေစဉ်တည်းကျောင်းအနီး မန်းချောင်းတွင် ရေနစ်သေဆုံးသွားခဲ့သည်။

မန်းရွှေစက်တော် ဘုရားပွဲကာလအတွင်း ရေနစ်သေဆုံးမှုများမရှိစေရန်အတွက် ယခုနှစ်တွင် မန်းချောင်း ရေတိမ်ပြီး ရေဝဲများ မရှိအောင် ဆောင်ရွက်ထားသည် ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ပြောဆို ထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly