မန္တလေး၊ ရှမ်းပြည်ဘက်များနှင့် ပြင်ဦးလွင်ဘက်ကို ခြေဆန့်မည့် ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ်

မန္တလေး၊ ရှမ်းပြည်ဘက်များနှင့် ပြင်ဦးလွင်ဘက်ကို ခြေဆန့်မည့် ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ်

မတ်၊ ရန်ကုန် ။     ။ ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ် Peace Bike Tour 2019 ကို မတ်လ၂၇ ရက်နေ့တွင် ရန်ကုန်မှ စတင် ထွက်ခွာပြီး မန္တလေးမြို့ကို ဖြတ်ကာ ရှမ်းပြည်ဘက်များနှင့် ပြင်ဦးလွင်အထိ ခြေဆန့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ချစ်သူများက  ရန်ကုန်မှ မန္တလေး၊ တောင်ငူ၊ လွိုင်ကော်၊ တောင်ကြီး၊ မိုင်းရှူး၊ မိုင်းကိုင်၊ လားရှိုး၊ ပြင်ဦးလွင်မြို့များအထိ မိုင်၁၅ဝဝတိုင်အောင် ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ်အဖြစ် စီးနင်းသွားကြမည် ဖြစ်သည်။

“ကျွန်တော်တို့ ခရီးစဉ်က ငြိမ်းချမ်းရေးမှာ ဘယ်လောက်အထိ အထောက်အကူဖြစ်မလဲဆိုတော့ ကျွန်တော်တို့ ဆိုင်ကယ်စီးတာမှ မဟုတ်ပါဘူး။ တခြား အားကစားပဲလုပ်လုပ်၊ အနုပညာပဲ ဖန်တီးဖန်တီး၊ သီချင်းပဲဆိုဆိုပေါ့။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဒီမက်ဆေ့လေး ပါလာမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လူတွေအားလုံး နှလုံးသွင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်” ဟု ခရီးစဉ်၏ Admin ကိုရဲဟိန်းအောင်က ပြောသည်။

မတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Myanmar Press Freedom Center တွင် ငြိမ်းချမ်းရေး ဆိုင်ကယ် ခရီးစဉ်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေကြသော တိုင်းရင်းသား ဒေသရှိပြည်သူများ၏ ခံစားချက်များကို ကူညီဖေးမ၍ ရင်တွင်းစကားသံများကို ခရီးစဉ်မှ ရန်ကုန်ကို ပြန် ရောက်ရှိချိန်တွင် အများသိရှိစေရန် မီဒီယာများမှ တစ်ဆင့်ပြသသွားမည်ဟု ခရီးစဉ်ဖြစ်မြောက်ရေး စီစဉ် သူများက ပြောသည်။

“အဓိကပြဿနာက နှစ်ပေါင်း ရဝကျော်ကြာ ပြည်တွင်းစစ်ကြီးက ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းကို ငြီးငွေ့စရာ ဖြစ်နေပြီ။ ငြီးငွေ့စရာဖြစ်နေပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီဆိုတော့ ဘယ်သူမဆို ငြိမ်းချမ်းရေးကို ဦးတည်ပြီး တစ်ခုခုလှုပ်ရှားကြမယ်ဆိုရင်တော့ အရမ်းကောင်းပါတယ်။ ဆိုလိုချင်တာကတော့ ငြိမ်းချမ်းရေးဦးတည် လှုပ်ရှားမှ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့အလုပ်တိုင်း၊ activity တိုင်း ကျွန်တော်တို့ ငြိမ်းရေးနဲ့ ပတ်သက်တဲ့ အိုင်ဒီယာလေးတွေ ထည့်သွင်းခြင်းအားဖြင့် လူ့အဖွဲ့အစည်းကို ပိုပြီး contribute လုပ်ရာ ရောက် မယ်လို့ ယူဆလို့ပါ” ဟု ကိုရဲဟိန်းအောင်က ပြောသည်။

၄င်းခရီးစဉ်ကို မြန်မာနိုင်ငံအနှံ့မှ ဆိုင်ကယ်ချစ်သူလူငယ်များ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆိုင်ကယ်အစီး နှစ်ဆယ်နှင့် အမျိုးသမီး ၃ ဦးအပါအဝင် လူ ၃၅ ဦး ပါဝင်မည်ဖြစ်သည်။

ဆိုင်ကယ်ချစ်သူများသည် မိုင်၁၅ဝဝ အထိ ခြေဆန့်သွားမည့် ၄င်းခရီးစဉ်အတွင်း တောင်ကြီးမြို့တွင် ကျင်းပ မည့် Voice of Youth (လူငယ်များ၏ အသံ) ပွဲသို့ တက်ရောက်သွားမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများ၊ Church ကျောင်းများတွင် ဝင်ရောက်တည်းခိုကြမည် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် လိုအပ်မှုများရှိနေသော ကျေးရွာများတွင်လည်း ဝင်ရောက်လှူဒါန်းမှုအချို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly