ထိုင်းရွေးကောက်ပွဲ ကျင်းပ

ထိုင်းရွေးကောက်ပွဲ ကျင်းပ

မတ် ၂၄ ။      ။ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးသော အထွေထွေရွေးကောက်ပွဲကို ထိုင်းမှာ ယနေ့ မတ်လ ၂၄ ရက်မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ပြည်သူ သန်းပေါင်းများစွာတို့ မဲရုံတွေဆီ လာရောက် ဆန္ဒမဲပေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲကတော့  နိုင်ငံကို စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ကူးပြောင်းမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ပြည်သူတွေ မဲမပေးခင် အချိန်ပိုင်းလေးမှာပဲ နိုင်ငံ တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ခေါင်းဆောင်ကောင်းတွေကိုသာ မဲပေးကြဖို့ ထိုင်းဘုရင်ထံက သတိပေးတိုက်တွန်းချက်တစ်ရပ်လည်း ထွက်ပေါ်ထားခဲ့ပါသေးတယ်။

မဲ ပေးမှုတွေကိုတော့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီမှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

စစ်တပ်လိုလားတဲ့ ပလန်း ပရာချရက် ပါတီက လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ၊ ပျူထိုင်းပါတီက ဆူဒါရက် ကီယူရာဖန် ၊ ဒီမိုကရက်ပါတီက အဘီဆစ် ၀ိဇ္ဇာဇီဝ တို့အပါအဝင် ဦးဆောင်ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းလျာတွေကလည်း ဘန်ကောက်မြို့မှာ မဲပေးကြဖို့ ရှိနေပါတယ်။

၂၀၁၄ မေလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယင်းနိုင်ငံမှာတော့ ဒီမိုကရေစီ စနစ်တစ်ခုဆီ ပြန်သွားနိုင်ရေးအတွက် မသေချာမရေရာတဲ့ ခရီးလမ်းတစ်ခုကို လျှောက်လှမ်းခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ က တင်သွင်းမိတ်ဆက်ခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေသစ်ကလည်း ရွေးကောက်ပွဲစနစ်ကို အပြောင်းအလဲဖြစ်စေခဲ့ကာ ယင်းကတော့ စစ်အစိုးရကို မျက်နှာသာပေးထားတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ရွေးကောက်ပွဲတုန်းကတော့ ယင်လပ်ရှင်နာဝါထရာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly