အိုင်အက်စ်တွေကို ဆုံးခန်းတိုင်အောင် ချေမှုန်းလိုက်နိုင််ပြီဟု ဆီးရီးယား SDF တပ်ဖွဲ့ ကြေညာ`

အိုင်အက်စ်တွေကို ဆုံးခန်းတိုင်အောင် ချေမှုန်းလိုက်နိုင််ပြီဟု ဆီးရီးယား SDF တပ်ဖွဲ့ ကြေညာ`

ဒမတ်စကပ်၊ မတ် ၂၃ ။           ။ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တွေရဲ့ ဆီးရီးယားအရှေ့ပိုင်းက နောက်ဆုံးခြေကုပ်နယ်ကို အပြည့်အဝ သိမ်းပိုက်လိုက်နိုင်ပြီး ဒီ ဂျီဟတ်အုပ်စုရဲ့ အစ္စလာမ္မစ်နိုင်ငံတော်ကို အပြီးတိုင် ချေမှုန်းလိုက်ပြီလို့ ကြေညာရင်း ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဟာ ၎င်းတို့ရဲ့ အလံကို အဆောက်အအုံတစ်ခုပေါ် လွှင့်ထူလိုက်ပြီ ဖြစ်ပါတယ်။

အိုင်အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေ ဘတ်ဟို့ဇ်ကျေးရွာကို ကာ့ဒ်ဦးဆောင်တဲ့ SDF မဟာမိတ်တပ်တွေက နောက်ဆုံးထိုးစစ်ကို မတ်လအစမှာ စတင်ဆင်နွှဲခဲ့တာပါ။ ဒီနယ်မြေထဲကနေ စစ်ဘေးရှောင် ထွက်ပြေးလာတဲ့ အရပ်သားတွေ တော်တော်များများ ရှိနေတာကြောင့် အမေရိကန်ကျောထောက်နောက်ခံတဲ့ SDF ရဲ့ ထိုးစစ်ဟာ အရှိန်နှေးနေခဲ့ရတာ ဖြစ်ပါတယ်။

အိုင်အက်စ်တိုက်ခိုက်ရေးသမားအများစုဟာ နောက်ဆုံးမြေကို စွန့်ခွာသွားခဲ့ပေမယ့် အကြီးစား ခုခံမှုအဖြစ် အသေခံဗုံးခွဲသမားတွေနဲ့ ကားဗုံးထောင်ထားမှုတွေကို တပ်ဖြန့်ချန်ထားရစ်ခဲ့တာလည်း ဖြစ်ပါတယ်။

“SDF တပ်ဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော်ဆိုတာကို လက်ရသိမ်းပိုက်လိုက်နိုင်ပါပြီ။ အိုင်အက်စ်တွေကို ရာနှုန်းပြည့် ချေမှုန်းနိုင်ခဲ့ပါပြီ။”လို့ SDF ရဲ့ ပြန်ကြားရေးအကြီးအကဲ မူဟတာဖာဘာလီက တွစ်တာကနေ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အိုင်အက်စ်တွေဟာ ၎င်းတို့ အင်အား အထွဋ်အထိပ်ရောက်ခဲ့ချိန်က ဆီးရီးယားနဲ့ အီရတ်က နယ်မြေ စတုရန်းမိုင် ၈၈၀၀၀ အထိကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ခုလို နယ်မြေတွေ လက်လွတ်လိုက်ရပေမယ့်လည်း နိုင််ဂျီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်တို့လို အခြားနိုင်ငံတွေဆီ အဖွဲ့တွေ ခွဲထွက်ရောက်ရှိသွားခဲ့ပါတယ်။

အိုင်အက်စ်တွေကို အနိုင်ရပြီ ကြေညာလာပေမယ့် ဒီ ဂျီဟတ်အုပ်စုဟာ အဓိကတစ်ကမ္ဘာလုံးလုံခြုံရေးကို ခြိမ်းခြောက်မှုကြီးအဖြစ် ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly