မောင်တောတွင် ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် ဖမ်းမိ

မောင်တောတွင် ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် ဖမ်းမိ
ဓာတ်ပုံ - CCDAC Myanmar

ရန်ကုန်၊ မတ် ၂၃ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်း ၃၄၉ဝ၅ တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆) မောင်တောမှ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ် ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီက သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မတ်လ ၂ဝ ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင်  အင်းဒင်ပူးပေါင်း စစ်ဆေး ရေးဂိတ်၌ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် မောင်တောမြို့နယ်၊ အငူမော်ဘက်မှ မောင်တောမြို့ဘက်သို့ မောင်းနှင်လာသည့် ရဂ/---- TOYOTA GAIA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေ ခဲ့သည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်ပါလက်ဆွဲအိတ် ၉ အိတ်အတွင်း ဖယောင်းစက္ကူဖြင့်ပတ်ထားပြီး ပလတ်စတစ် ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၇၄၅၂၅ဝ ပြား (ဒေသ ကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၃၄၉ဝ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက်  အင်းဒင်နယ်မြေရဲစခန်းတွင် ယာဉ်မောင်း အေးမင်းအောင် ၂၇ နှစ် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly