ကျောင်းကားပေါ်မှာ ကလေး ၅၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ပြီး ကားကို မီးရှို့ခဲ့တဲ့ ကျောင်းကားဒရိုင်ဘာလက်မှ ကလေးတွေကို အီတလီရဲတပ်ဖွဲ့ ကယ်တင်

ကျောင်းကားပေါ်မှာ ကလေး ၅၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ပြီး ကားကို မီးရှို့ခဲ့တဲ့ ကျောင်းကားဒရိုင်ဘာလက်မှ ကလေးတွေကို အီတလီရဲတပ်ဖွဲ့ ကယ်တင်

မီလန်၊ မတ် ၂၁ ။      ။ အီတလီနိုင်ငံ မီလန်မြို့မှာ ကျောင်းကားဒရိုင်ဘာတစ်ဦးဟာ ကလေး ၅၀ ကျော််ကို ဓားစာခံဖမ်းဆီးချုပ်နှောင်ထားပြီး ကားကို မီးရှို့မှု ဖြစ်ရာမှာ ရဲတပ်ဖွဲ့က ကလေးတွေကို စွမ်းစွမ်းတမံ ဝင်ရောက် ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“ဒီမှုခင်းဖြစ်ရပ်က ထိတ်လန့်အံ့သြစရာ ဖြစ်တယ်။ လူအစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်သွားနိုင်တယ်။ ရဲတွေက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ရတယ်။ အဲဒီ ကားကို ပိတ်ဆို့ထားပြီး ကလေးတွေကို ကယ်ထုတ်ခဲ့ရတာ ဖြစ်တယ်။”လို့ မီလန်က အစိုးရရှေ့နေ ဖရန်စီစကိုဂရီကိုက ပြောပါတယ်။

မတ် ၂၀ ရက်နေ့က ဖြစ်ပွားတဲ့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနိုင်တာကို ပယ်ချထားလို့ မရဘူးလို့လည်း ဂရီကိုက ပြောပါတယ်။ အဲဒီ ကျောင်းကားဟာ အလယ်တန်းကျောင်းသူကျောင်းသား ကလေးငယ် ၅၁ ဦးကို လိုက်ပါစောင့်ရှောက်သူ အရွယ်ရောက်ပြီး လူသုံးဦးနဲ့အတူ အားကစားပွဲတစ်ခုကနေ ပြန်လာတာ ဖြစ်ပါတယ်။

အားကစားပွဲက အပြန်ခရီးမှာ ကားဒရိုင်ဘာဟာ လမ်းကြောင်းကို ချက်ချင်းပြောင်းပြီး မောင်းနှင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အဲဒီ ကျောင်းကားဒရိုင်ဘာဟာ အားလုံးကို ပြန်ပေးဆွဲထားပြီလို့ ပြောဆိုကြေညာလိုက်ပါတယ်။။ “ဒီဖြစ်ရပ်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။”ဆိုပြီး ဂရီကိုက ပြောပါတယ်။

ကျောင်းကားဒရိုင်ဘာဟာ ဓာတ်ဆီပုံံးနှစ်ပုံးနဲ့ မီးခြစ်ကို ကိုင်ဆောင်ပြီး ကလေးတွေကို ခြိမ်းခြောက်လို့ ဓားစာခံပြန်ပေးဆွဲမှုကို ကျူးလွန်ခဲ့တာပါ။ ကလေးတွေဆီကနေ တယ်လီဖုန်းတွေကိုလည်း သိမ်းယူခဲ့ပြီး အားလုံးကို ၀ါယာကြိုးတွေနဲ့ ပူးချည်ထားခဲ့တာပါ။

ဒါပေမယ့် ကလေးတစ်ဦး အသာလေး ရုန်းထွက်လွတ်မြောက်ခဲ့ပြီး မိဘဖြစ်သူတွေကို ဖုန်းဆက်ရာကနေ မိဘတွေက ရဲထံ အကြောင်းကြားခဲ့တာပါ။ ဒီနောက်မှာ ရဲတွေဟာ ကားလမ်းပေါ်မှာ အဲဒီ ကျောင်းကားကို ဝိုင်းရံပိတ်ဆို့ထား လိုက်ပါတယ်။ ဒရိုင်ဘာဖြစ်သူက မီးရှို့ချိန်မှာ ကားနောက်မှန်ကို ရိုက်ခွဲပြီး ကလေးတွေကို ကယ်ထုတ်ခဲ့ကြတာပါ။

ဒီဖြစ်ရပ်မှာ ကလေး တစ်ဒါဇင်ခန့်နဲ့ အရွယ်ရောက်သူ နှစ်ဦး မီးခိုးမွှန်တာကြောင့် ဆေးရုံတင်ပို့ပေးခဲ့ရကာ ပြစ်မှုကျူးလွန်တဲ့ ဒရိုင်ဘာလည်း လက်မှာ မီးလောင်တာမို့ ကုသမှု ပေးထားတယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်ရှိတဲ့ ဆီနီဂေါနိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာသူ အဲဒီ ကျောင်းကားဒရိုင်ဘာက ခုလို ဘာကြောင့် ကျူးလွန်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သူဟာ ၂၀၀၂ ခုနှစ်ကတည်းက ကျောင်းကားဒရိုင်ဘာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး မူးယစ်ပြီး မောင်းနှင်မှုနဲ့ အရွယ်မရောက်သေးသူတစ်ဦးကို လိင်ထိပါးမှုတွေအတွက် ပြစ်မှုဟောင်းရှိထားသူလို့လည်း သိထားရပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly