မွတ်စလင်များ ကြီးစိုးရာ ရှင်ကျန်းဒေသရှိ ရှေးဟောင်း ဗုဒ္ဓလိုဏ်ဂူတော်များကို ထိန်းသိမ်းစောင့်ရှောက်နေရ

မွတ်စလင်များ ကြီးစိုးရာ ရှင်ကျန်းဒေသရှိ ရှေးဟောင်း ဗုဒ္ဓလိုဏ်ဂူတော်များကို ထိန်းသိမ်းစောင့်ရှောက်နေရ

တရုတ်နိုင်ငံ အစွန်းဖျားရှင်ကျန်းဒေသသည် လက်ရှိကာလတွင် ဝီဂါမွတ်စလင် လူနည်းစုများ၏  ဗဟိုချက်မဒေသဖြစ်လာသော်လည်း ရှေးဟောင်းပိုးလမ်းမကြီးနှင့် အပြိုင် ဗုဒ္ဓလိုဏ်ဂူတော်များ ဘုရားကျောင်းများ တည်ရှိနေပြီး ရှေးယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေသည်။

ဥပမာအားဖြင့် ရှင်ကျန်းဒေသရှိ ကီကျီဂူဘုရားကျောင်းသည် တရုတ်နိုင်ငံတွင်းက အစောပိုင်းအကျဆုံး ဗုဒ္ဓလိုဏ်ဂူတော်ဖြစ်သည်။ ပြီးခဲ့သည့် ရာစုက အဆိုပါလိုဏ်ဂူတော်ကို ဖွင့်လှစ်ခဲ့သော်လည်း များစွာသော ဘုရားကျောင်းများကို အများပြည်သူ ဝင်ခွင့်မပေးဘဲ ပိတ်ထားဆဲဖြစ်သည်။

ပျက်စီလွယ်သည့် အနေအထားကြောင့် ဘုရားကျောင်းများအတွင်းသို့ တရုတ်ထိပ်တန်းခေါင်းဆောင်များသာ ဝင်ရောက်ခွင့်ရှိသော်လည်း နိုင်ငံခြားခရီးသွားများကို ယင်းနယ်မြေရှိ ဂူဘုရားကျောင်း ၂၃၀ တွင် ရှစ်ခုကို ဝင်ခွင့်ပြုထားပြီး ဓာတ်ပုံရိုက်ခြင်းများ ခွင့်မပြုဘဲ ထားသည်။

အများစုသော လိုဏ်ဂူဘုရားများက ဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

လိုဏ်ဂူတော်အတွင်းပိုင်းများ များစွာပျက်စီးမှုသည် ယင်းဒေသက မွတ်စလင်များကြောင့်နှင့် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးတို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောကြပြီး ၂၀ ရာစုအစောပိုင်းက ဂျာမနီရှေးဟောင်းသုတေသနအဖွဲ့များက လိုဏ်ဂူများမှ နံရံဆေးရေးပန်းချီများ များစွာကို ခွာယူခြင်းများဖြစ်ခဲ့သည်။

အဆိုပါ ရှင်ကျန်းဒေသရှိ ဗုဒ္ဓလိုဏ်ဂူတော်များအား ထိန်းသိမ်းမှုအတွက် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်ထက်မနည်းကို သုံးစွဲခဲ့ရသည်။

"ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ထားတာက လိုဏ်ဂူတော်တွေ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဖို့ပါ။ ဒီလိုဏ်ဂူတော်တွေက ကမ္ဘာမှာ အနည်းအကျဉ်းသာ ရှိတော့တဲ့   ရှေးဟောင်း အမွေအနှစ်တွေလည်းဖြစ်ပါတယ်။"ဟု Kucha Academy မှ ဥက္ကဌဖြစ်သူ ရှုယောင်မင်းက ပြောခဲ့သည်။

Ref ;CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly