မြန်မာနိုင်ငံ၏ အားလုံးအကျုံးဝင်ပညာရေး စီမံကိန်းအတွက် ကန်ဒေါ်လာ ၅၄သန်း ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ အားလုံးအကျုံးဝင်ပညာရေး စီမံကိန်းအတွက် ကန်ဒေါ်လာ ၅၄သန်း ထောက်ပံ့မည်

ရန်ကုန်၊ မတ် ၁၈ ။     ။ သြစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန် နိုင်ငံအစိုးရတို့မှ မြန်မာနိုင်ငံ၏ အားလုံးအကျုံးဝင်ပညာရေး စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၄သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုလျော့ချသော စာသင်ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေရေးစီမံကိန်းကို ၂၀၁၄ခုနှစ် မှ စတင်ပြီး ပညာရေးဝန်ကြီးဌာနက ကျောင်းဖွ့ံဖြိုးမှု ရန်ပုံငွေအစီအစဉ်နှင့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ် များကို အဓိကထားတိုးချဲ့ဆောင်ရွက်ခဲ့သည်။

ယနေ့အထိ အမေရိကန်ဒေါ်လာ ၈၈.၅သန်း အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်တော်ကြီးသင်စာသင်ကျောင်းများကို ရန်ပုံငွေခွဲဝေပေးခဲ့သည်။ ဆင်းရဲနွမ်းပါးပြီး  ကျောင်းထွက်ရလုနီးပါးဖြစ်နေသည့် ကလေးငယ်များကို ပညာသင်ထောက်ပံ့ကြေးပံပိုးပေးခဲ့ပြီး တစ်နှစ်လျှင် နှစ်ကြိမ် ကျောင်းပေါင်း ၄၉၅၀၀ ကျောင်းဖွ့ံဖြိုးမှု ရန်ပုံငွေရရှိကာ မြို့နယ် ၅၅မြို့နယ်မှ ကျောထွက်လုနီးပါးဖြစ် နေသည့် ကလေး နှစ်သိန်းနီးပါး ပညာသင်ထောက်ပံ့ကြေးများ နှစ်စဉ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

"သြစတြေးလျနိုင်ငံအနေနဲ့ ဒီစီမံကိန်းရဲ့ကောင်းမွန်တဲ့ ဆောင်ရွက်မှုအပေါ် အင်မတန်အားရကျေနပ်မှုရှိပြီး ထပ် ဆောင်း ရန်ပုံငွေဖြည့်တင်းပေးမှာဖြစ်တဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ဒီလိုပံ့ပိုးကူညီခြင်းက ပဋိပက္ခဒေသက ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့အတွက် အခြေခံပညာရေးကို ပိုမိုလက်လှမ်းမီစေ နိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner ကပြောသည်။

ထို့အပြင် စီမံကိန်း ရလဒ်ကောင်းများနှင့် အောင်မြင်မှုများကြောင့် ဖွ့ံဖြိုးရေးမိတ်ဖက် နိုင်ငံသုံးနိုင်ငံက ထပ်ဆောင်းရန်ပုံငွေ ဖြည့်တင်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆရာအရည်အသွေး တိုးတက်စေရန်နှင့် ဘဏ္ဍာငွေများကို ထိရောက်စွာ အသုံးပြုပြီး ပညာရေးအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ကျောင်းထွက်လုနီးပါးဖြစ်နေသော ကလေးငယ်များကို ပညာသင်ထောက်ပံကြေးပေးခြင်းဖြင့် ကျောင်းထွက်နှုန်း လျော့ကျခဲ့ပြီး ဆင်းရဲနွမ်းပါးသော ကလေးငယ်များ အထက်တန်းအဆင့်အထိ ကျောင်းတက်နှုန်းမြင့်တက်လာ ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုက တိုင်းပြည်ရဲ့လူသားအရင်းအမြစ်အပေါ် အဓိကမူတည်နေပါ တယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ ကလေးငယ်တွေဆီမှာ ရင်းနှီး မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. John Nielsen ကပြောသည်။

ယခုရန်ပုံငွေသည် ကမ္ဘာ့ဘဏ်ကဦးဆောင်ပြီး အလှူရှင်ပေါင်းစုံ၏ ဘက်စုံရန်ပုံငွေအစီစဉ်မှတစ်ဆင့် ဆောင် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများကို ကျောင်းဖွ့ံဖြိုးမှု ရန်ပုံငွေခွဲဝေရာတွင် အားလုံး အကျုံးဝင်မှု တိုးတက်စေရေး၊ ဆရာအရည်အသွေးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးသောကလေးများ အတန်း ကူးပြောင်းနှုန်းတိုးတက်စေရန်အတွက် အဓိကပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly