ကန်ပက်လက်မြို့ သို့မဟုတ် တောင်ပေါ်ရေကန်မြို့ကလေး

ကန်ပက်လက်မြို့ သို့မဟုတ် တောင်ပေါ်ရေကန်မြို့ကလေး

ဆောမြို့နဲ့ ကန်ပက်လက်ကြား ကားလမ်းဟာ ကျနော်ရောက်ဖူူးသမျှ ကားလမ်းတွေထဲ အကွေ့အကောက်အများဆုံးလမ်းဖြစ်မယ်ထင်မိပါတယ်။ ဒီကြားထဲ လမ်းဘေးတဖက်ဖက်မှာ အင်မတန်မတ်စောက်တဲ့ ချောက်ကြီးတွေကို မြင်ခဲ့ရဖြတ်ခဲ့ရပါတယ်။ ကျနော်တို့စီးလာတဲ့ကားကလေးဟာ မြင့်မားမတ်စောက်လှတဲ့ အနောက်ရိုးမတောင်ကြောကြီးပေါ် မောင်းလာနေတဲ့သဘောပါပဲ။

မြင်ကွင်းတွေဟာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါတယ်။ သစ်ပင်တောအုပ်တွေနဲ့ တောင်ထွတ်အထပ်ထပ်က ဘယ်နေရာနဲ့မှမတူအောင် ဖြစ်လာပါတယ်။ လမ်းက ကွေ့လွန်းကောက်လွန်းလို့ ကားဆရာလေး ကိုသက်မှူး အိပ်ငိုက်မှာစိုးလို့ ကျန်တဲ့သူတွေက စကားအမျှင်မပြတ် ပြောပေးလာကြရပါတယ်။ ကိုသက်မှူးကတော့ သူ့ကားကလေးကို သွက်လက်ကျွမ်းကျင်စွာပဲ မောင်းပါတယ်။ တခါတလေ သီချင်းလေးငြီးလိုက် စကားပြောလိုက်ပါပဲ။ ပတ်ဝန်းကျင်မြင်ကွင်းက လှပတဲ့အပြင် အကွေ့အကောက်များတဲ့လမ်းကိုမောင်းရလို့ သူလည်း စိတ်တက်ကြွလန်းဆန်းနေဟန်တူပါရဲ့။

ကန်ပက်လက်မြို့အဝင်လမ်းပေါ်ရောက်တော့ ကျနော်က အရင်တစ်ခေါက်ရောက်ဖူးခဲ့ပေမယ့် နေရာအခင်းအကျင်းတွေကို မမှတ်မ်ိဘူးဖြစ်နေပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက တည်းခိုခန်းကိုလည်း ဘယ်ကဘယ်လိုသွားရမယ်ဆိုတာ မေ့နေပါတယ်။ ကားပေါ်ပါလာတဲ့သူ လေးယောက်အနက် ဒီမြို့ကလေးကို ကျနော်တစ်ယောက်ပဲ ရောက်ဖူးတာဖြစ်လို့ လမ်းတွေသိနေမယ်အောက်မေ့ပြီး ဝိုင်းမေးကြပေမယ့် ကျနော့်မှာ မှန်မှန်ကန်ကန်ပြန်မဖြေနိုင်ပါဘူး။ ပထမတစ်ခေါက်တုန်းက နှစ်ညအိပ်ခဲ့တယ်ဆိုပေမယ့် မြို့ထဲ တစ်ခါမှလျှောက်မကြည့်ခဲ့ရပါဘူး။ တောင်အောက်မှာရှိတဲ့ ချင်းရွာကလေးတစ်ရွာဆီကိုပဲ နှစ်ရက်စလုံးရောက်ခဲ့ရတာပဲဖြစ်လို့ ကန်ပက်လက်မြို့အနေအထား ဘာမှမသိခဲ့ရသလိုပါပဲ။

နောက်တော့လည်း အပေါင်းအသင်းတွေက သူတို့ဖါသာပဲချိတ်ဆက်ထားတဲ့ ခရီးသွားလုပ်ငန်းဆောင်ရွက်သူတစ်ဦးကို ကားလမ်းဘေးက အိမ်တစ်အိမ်မှာဝင်တွေ့ပြီး ခေါ်နူးဇုမ်တောင် ဘယ်လိုသွားရမယ်ဆိုတာနဲ့ ဘယ်မှာတည်းခိုလို့ရမယ်ဆိုတာ မေးကြမြန်းကြပါတော့တယ်။

သေချာတာကတော့ အချိန်ရှိနေသေးတာဖြစ်လို့ ခေါ်နူးဇုမ်တောင်ကို အချိိန်မီတက်လို့ရမယ့်ဆိုတာကို သိလာကြရပါတယ်။ ကန်ပက်လက်ကနေပြီး ကိုယ့်ကားကိုကိုယ်တိုင်မောင်းပြီး ဆယ်မိုင်စခန်းဆိုတဲ့နေရာအထိ သွားကြရမှာဖြစ်ပြီး အဲဒီ ဆယ်မိုင်စခန်းကမှ မော်တော်ဆိုင်ကယ် ကယ်ရီးငှားစီးပြီး တောင်ပေါ်တက်ကြရမယ့်အကြောင်း တောင်ထိပ်နဲ့ မလှမ်းမကမ်းရောက်ရင်တော့ ခြေလျင်ဆက်တက်ကြရမှာဖြစ်ကြောင်း သိလာကြရပါတယ်။

ကျနော်တို့က ဆယ်မိုင်စခန်းမှာ ကားကိုထားခဲ့ပြီး တောင်ပေါ်မှာအိပ်တဲ့အခါ လိုအပ်မယ့်စောင်တွေ ရွက်ဖျင်တဲတွေကို မော်တော်ဆိုင်ကယ်ကယ်ရီထပ်ငှားပြီး သယ်သွားကြဖို့ စီစဉ်ခဲ့ကြပါတယ်။
ဒီနေရာမှာ အခက်အခဲတစ်ခုရှိတာက “ခေါ်နူးဇုမ်တောင်ထိပ်မှာ အိပ်လို့ ရ မရ” မသေချာအောင်ဖြစ်နေပါတယ်။ လမ်းညွှန်သူကလည်း ရေရေရာရာ တိတိကျကျမပြောနိုင်ဘဲ အိပ်လို့ရမယ်ထင်ပါတယ်လို့ပဲပြောလိုက်တာပါ။ ကျနော်တို့လည်း ဟိုကြမှ အဆင်ပြေသလိုလုပ်ကြမယ်လို့ တွက်ထားလိုက်ကြပါတယ်။

ဒီနေရာမှာ ကန်ပက်လက်မြို့ပေါ်မှာ တစ်နာရီပြည့်အောင် မဆိုင်းကြ မနေကြတော့ဘဲ ခေါ်နူးဇုမ်တောင်ကို အချိန်မီဆက်သွားကြဖို့လုပ်ကြပေမယ့် ကန်ပက်လက်မြို့ကလေးအကြောင်းတော့ နည်းနည်းပဲဖြစ်ဖြစ် မိတ်ဆက်ပေးချင်ပါသေးတယ်။

ကန်ပက်လက်မြို့ကို ပထမအကြိမ် ကျနော်ရောက်ခဲ့စဉ်ကတည်းက ကျနော်စိတ်ဝင်စားတဲ့အချက်တစ်ချက်က ဘာ့ကြောင့် တောင်တန်းကြီးပေါ်က တောင်ရိုးကြီးပေါ်က ဒီမြို့ကလေးကို ကန်ပက်လက်မြို့ လို့ အမည်တွင်ခဲ့တာလည်း ဆိုတဲ့အချက်ပါပဲ။

ဒေသခံများရဲ့အပြောအရတော့ ဒီနေရာမှာ တချိန်တုန်းက အတော်အတန်ကြီးတဲ့ ရေကန်တစ်ကန်ရှိခဲ့ဖူးကြောင်း၊ တောင်တန်းကြီးပေါ်မှာ ဘုရားသခင်က ဖန်ဆင်းပေးတဲ့ရေကန်လေးလိုဖြစ်နေတာမို့ အဲဒီရေကန်ကိုအစွဲပြုပြီး ကန်ပက်လက်မြို့လို့ အမည်တွင်ခဲ့တာလို့ ဆိုကြပါတယ်။

ကန်ပက်လက်မြို့ဟာ တောင်ပိုင်းချင်းပြည်နယ်ထဲက အချက်အချာကျတဲ့မြိုကလေးပါပဲ။ မြို့ကလေးလို့ ကျနော်ပြောပြောနေတာက မြို့နေလူဦးရေကလည်း ၂၀၁၄ ခုနှစ် ကောက်ယူထားတဲ့စာရင်းအရဆိုရင် (၄၀၀၀) ကျော်ပဲရှိတာမို့ပါပဲ။ ရှည်လျားတဲ့ တောင်ရိုးပေါ်တည်တာမို့ မြို့ကွက်က မကျယ်ပါဘူး။ လမ်းဆိုရင်လည်း (၂)လမ်းလောက်ပဲ တွင်တွင်ကျယ်ကျယ်သုံးလို့ရပါတယ်။ ကားလမ်းနှစ်ဘက်မှာပဲ အိမ်တွေက တန်းစီဆောက်ထားကြပြီး မြေကွက် ကျယ်ကျယ်ပြန့်ပြန့်မရှိသလောက်ပါပဲ။

ဒီမြို့ကလေးဟာ တချိန်တုန်းက နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ထင်ရှားတဲ့မြို့ကလေးတစ်မြို့ဖြစ်ခဲ့တာလည်းအမှန်ပါပဲ။ အဲဒီ ချင်းတောင်တန်းကြီးရဲ့အရှေ့ဘက်အောက်ခြေကိုဆင်းသွားရင် ဗမာပြည်ရဲ့ ရေနံမြေလို့ပြောရမယ့် ရေနံချောင်းတို့ ချောက် တို့ဆိုတဲ့ မြို့တွေရှိပါတယ်။ အဲဒီမြို့တွေမှာ ရေနံလာတူးရင်း နေထိုင်ကြတဲ့ မျက်နှာဖြူဥရောပတိုက်သားတွေဟာ နွေအခါ အရှေ့ဘက်တောင်တန်းကြီးပေါ်တက်လာကြပြီး ဒီ ကန်ပက်လက်မြို့ကလေးမှာ အပန်းဖြေလေ့ရှိကြပါတယ်။ အခု “ချင်းဘာသာနဲ့ ခေါ်နူးဇုမ်တောင်၊ မြန်မာတွေက နတ်မတောင်လို့ခေါ်တဲ့အဲဒီတောင်ဟာလည်း ဟိုတုန်းက အင်္ဂလိပ်တွေခေါ်ဝေါ်တဲ့ ၀ိတိုရိယတောင်အဖြစ်” အင်္ဂလိပ်ဘာသာနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့ကြရတာပါ။

ချင်းတောင်ပေါ်က ကန်ပက်လက်မြို့ဆီ ခရီးထွက်ကြမယ်လို့ တိုင်ပင်ကြတဲ့အခါ ကျနော်တို့အားလုံး မြန်မြန်ထက်ထက်သဘောတူဆုံးဖြတ်ခဲ့ကြရခြင်းအကြောင်းရင်းဟာ အဲဒီ ကန်ပက်လက်မြိုကလေးအနီးက ခေါ်နူးဇုမ်တောင်ကို တက်ချင်တာရယ်၊ ကန်ပက်လက်မြို့လေးရဲ့ နေချင့်စဖွယ်နေရာဒေသအခြေအနေက အကြောင်းရင်းတစ်ခုပါပဲ။

ကျနော်တို့လူစု ပန်ပက်လက်ကနေပြီး ခတ်ကျဉ်းကျဉ်းကားလမ်းအတိုင်းမောင်းထွက်လာကြတော့ အားလုံးရဲ့စိတ်မှာ အနည်းငယ်စီတော့ မဝံ့မရဲဖြစ်နေကြပါသေးတယ်။ တစ်ခါမှ မရောက်ဖူူးမမောင်းဖူးတဲ့ တောင်ပေါ်ကားလမ်းဖြစ်တာရယ်၊ လမ်းကျဉ်းတာရယ်ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေါ်နူးဇုမ်တောင်ကိုရောက်ဖို့ဆိုရင် ဒီတစ်လမ်းနဲ့ ဒီနည်းလမ်းပဲရှိတာမို့ ခရီးဆက်ထွက်ကြရပါတယ်။

ဆက်လက်ဖတ်ရှုပါရန်…..

 

Mizzima Weekly