မန္တလေးကဲ့သို့ တိုးတက်ရန် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို မဲပေးရန်လို

မန္တလေးကဲ့သို့ တိုးတက်ရန် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို မဲပေးရန်လို
ဓာတ်ပုံ - EPA

မတ် ၁၆၊ ရန်ကုန် ။         ။ မန္တလေးမြို့ကဲ့သို့ တိုးတက်ရန်အတွက် ၂ဝ၁၉ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရွေးကောက်ပွဲတွင် မဲပေးရန် လိုအပ်ကြောင်း အဆိုတော်သားစိုးက ပြောသည်။

 “မဲပေးတာက အရေးကြီးတယ်။ ဒီ တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်က နေပြီးတော့ တလွဲတွေလုပ်တယ်ဆိုရင်ပေါ့ ကိုယ်မဲမပေးခဲ့လို့။ ခုအမေရိကမှာ ဖြစ်နေတာဆိုရင် ဒေါ်နယ်ထရမ့်ဆိုရင် သူနိုင်သွားတယ်။ သူ့ကို ပေးတဲ့မဲတွေ ကြောင့် နိုင်သွားတာမဟုတ်ဘူး။ အတိုက်အခံကို ပေးမယ့်မဲတွေက မပေးတဲ့အတွက်ကြောင့်မလို့ သူက နိုင်သွား တာပေါ့နော်။ အဲ့လိုမျိုးပဲ ဒီစည်ပင်မှာလည်း ဖြစ်သွားနိုင်တယ်။ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရ တယ်။ တတ်နိုင်သလောက် ကျွန်တော့်အနေနဲ့ ပြောချင်တာက ဒီစည်ပင်က  မဖြစ်မနေပေးရမယ့် သဘောပါ။ ကျွန်တော်တို့ မန္တလေးမြို့ကြီးလို တိုးတက်တာ မြင်ချင်တယ်ဆိုရင်၊ လှပတာမြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ စည်ပင်ကို မဲပေးမှကို ဖြစ်မှာပါ” ဟု အဆိုတော် သားစိုးက ၄င်း၏အမြင်ကို ပြောသည်။

 ထို့နောက် “ရန်ကုန်နဲ့ မန္တလေးအများကြီး ကွာနေတာတွေ့ရတော့ ဒီနေ့တောင် ကျွန်တော်ရေးဖို့ စဉ်းစား သေးတယ်။ အမှိုက်များရှုပ်ပွ၍ ဆိုင်ကယ်တွေ တဝူးဝူးနဲ့ လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့သွားနေတာကို ရန်ကုန် ဟုခေါ်၍ သန့်ရှင်းသပ်ရပ်နေချင်စဖွယ်ကောင်းနေသော မြို့တော်ကို မန္တလေးမြို့ဟု ခေါ်သည်လို့ ကျွန်တော် Facebook မှာရေးဖို့တောင် ကြံနေတာ”ဟု အဆိုတော် သားစိုးက ပြောသည်။

 မတ်လ၃၁ရက်နေ့တွင်ကျင်းပမည့် ၂ဝ၁၉ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့့် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးရန်အတွက် ရန်ကုန်မြို့က မဲပေးပိုင်ခွင့်ရှိသူ၏ ၁ဝရာခိုင်နှုန်းကသာ စိတ်ဝင်စားမှုရှိကြောင်း စစ်တမ်းများအရသိရသည်။

 “ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကတော့ ကျွန်တော်တို့ စတင်မဲဆွယ်စည်းရုံးစဉ်ကာလ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကာလက  ၃ဝရာခိုင်နှုန်းသော ပြည်သူတွေကတော့ စိတ်ဝင်စားမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် အခုအချိန်မှာတော့ ကျွန်တော်တို့ စစ်တမ်းတွေအရရော ထင်မြင်ယူဆချက်တွေ အရရော ၁ဝရာခိုင်နှုန်းသော ပြည်သူကသာ စိတ်ဝင်စားမှုရှိလာတယ်” ဟု စည်ပင်သာယာရေးကော်မတီ မဲဆန္ဒနယ် အမှတ် ၄ မှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးမျိုးသော်က ပြောသည်။

 
သီတင်းပတ်၂ပတ်ကျော်သာ လိုတော့သည့် စည်ပင်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များဘက်က မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်လျက်ရှိပြီး စည်ပင်ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူ ၃သန်းခွဲတွင် ၁ဝရာခိုင် နှုန်းဖြစ်သော လူဦးရေ ၃သိန်းခွဲခန့်ကသာ မဲဆွယ်စည်းရုံးမှုများနှင့် မဲထည့်ရန်အတွက် စိတ်ဝင်စားမှု ရှိနေကြောင်း စစ်တမ်းများအရ သိရသည်။

 စားဝတ်နေရေးပြဿနာများကြောင့်သော်လည်းကောင်း၊ ယခင်က မဲဆွယ်ခဲ့သော ကိုယ်စားလှယ်များအနေဖြင့် ၄င်းတို့ပြောဆိုကတိပေးချက်များအတိုင်း ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့်  စည်ပင်ရွေး ကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေခြင်း ဖြစ်ကြောင်း ပြည်သူများဘက်က ပြောသည်။ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ရာတွင် အားနည်းမှုများရှိခြင်းကြောင့် မဲပေးရန်မဲဆန္ဒရှင်စာရင်းတွင် မပါရှိသူများလည်းရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly