ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်စစ်သားရုပ်အလောင်းကို နေရပ် ပြန်ပို့

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်စစ်သားရုပ်အလောင်းကို နေရပ် ပြန်ပို့

ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်လေတပ်စစ်သား ဖြစ်ဖွယ်ရှိတဲ့ ကြွင်းကျန်ရုပ်အလောင်းတွေကို အင်္ဂါနေ့က နေရပ် အမေရိကန်ဆီ ပြန်ပို့ပေးခဲ့ရာ အရှေ့တောင်အာရှမှာ ခုလို ဖြစ်စဉ်မျိုးက ပထမဆုံးဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေ ဂျပန်တပ်တွေကြား အာရှမှာ အဓိကစစ်မြေပြင်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အမေရိကန်လေတပ်စစ်သည် ရာပေါင်းများစွာရဲ႕  ရုပ်အလောင်းတွေ စာရင်းမကောက်ယူနိုင်သေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပြန်ပို့ဆောင်တဲ့ ရုပ်အလောင်းတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးနယ်မြေမှာ B25G စစ်လေယာဉ် ပျက်ကျမှုက ရုပ်အလောင်းတွေ ဖြစ်ဖွယ်ရှိတယ်လို့ ယူဆထားကြပါတယ်။ နှစ်နှစ်တာ စုံစမ်းစစ်ဆေးပြီးနောက် လေယာဉ်ပျက် အပိုင်းအစတွေကို တွေ့ရှိတာ ဖြစ်ပေမယ့် သင်္ချိုင်းမြေပုံတွေတော့ ရှိနေတာ မတွေ့ရပါ။ ခု နေရပ်ပြန်ပို့မှု အခမ်းအနားကို မန္တလေးနိုင်ငံတကာလေဆိပ်မှာ ပြုလုပ်ခဲ့တာပါ။

အဖြူဝတ် စစ်မှုထမ်းတွေက အမေရိကန်နိုင်ငံအလံ လွှမ်းခြုံထားတဲ့ ခေါင်းတလားကို အလေးပြုကြပြီးနောက်မှာ C17 စစ်လေယာဉ်ပေါ် တင်ဆောင်ခဲ့ကြပါတယ်။ “ခုလို ရုပ်အလောင်းတွေ နေရပ်ပြန်ပို့တဲ့ အခမ်းအနားဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့၊ ခိုင်မြဲတဲ့၊ သမိုင်းတွင် ဆက်ဆံမှုတွေကို သတိရစေပါတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

ခု ရုပ်အလောင်းအကြွင်းအကျန်တွေကို Defense POW/MIA  Accounting Agency DPAA က မကြာသေးခင် ပြန်လည်တူးဖော်ရှာဖွေရေး လုပ်ဆောင်မှုမှာ ရှာဖွေဖော်ထုတ်တွေ့ရှိတာ ဖြစ်ပြီး ဟာဝိုင်ယီက ဓာတ်ခွဲခန်းဆီ နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် ပို့ဆောင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly