မြန်မာ့အသံဝန်းထဲရှိ ရုံးခန်းမှ ကျပ်သိန်း ၃၄ဝ ခိုးယူခဲ့သူကို ဖမ်းမိ

မြန်မာ့အသံဝန်းထဲရှိ ရုံးခန်းမှ ကျပ်သိန်း ၃၄ဝ ခိုးယူခဲ့သူကို ဖမ်းမိ
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မတ်လ ၁၂ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ မြန်မာ့အသံဝန်း ၊ MRTV ENTERTAINMENT Ltd၊ CEO ရုံးခန်းအတွင်းမှ ကျပ်သိန်း ၃၄ဝ ခိုးယူခဲ့သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူမှာ လှိုင်သာယာမြို့နယ်၊ (၁ဝ)ရပ်ကွက်နေသူ အသက် ၃၁ အရွယ် ကျော်ဇေယျ(ခ) မောင်မောင်ဆိုသူဖြစ်ပြီး ယခင်က အဆိုပါရုံးတွင် ယာဉ်မောင်းလုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမှုဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ မြန်မာ့အသံဝန်း နေ MRTV ENTERTAINMENT Ltd မှ အထွေထွေမန်နေဂျာက မတ်လ ၁၁ ရက်၊ နံနက် ၉ နာရီ၌ ရုံးတက်ရန် ရုံးသို့ ရောက်ရှိခဲ့ပြီး CEO ရုံးခန်း တံခါးမှာဖွင့်မရသဖြင့် မှန်ပေါက်ကြည့်ခဲ့ရာ ရုံးခန်းအတွင်းရှိ ပစ္စည်းများနှင့်စာရွက်စာတမ်းများ ဖရိုဖရဲဖြစ်နေသည်ကို တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ငွေများထည့်ထားသော ဗီရိုမှာပွင့်နေသဖြင့် စစ်ဆေးခဲ့ရာတွင် ဗီရိုထဲရှိ ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထည့်ထားသော ငွေ (၃၄ဝ) သိန်းကျပ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းသို့ တိုင်တန်း အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အခင်းဖြစ်ပတ်ဝန်းကျင်အား စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူဟု ရဲတပ်ဖွဲ့မှ သတ်မှတ်ထားသူ ကျော်ဇေယျ(ခ) မောင်မောင်အား လိုက်လံဖမ်းဆီးခဲ့ရာတွင် ၎င်းနေအိမ်တွင်မရှိဘဲ လမ်းမတော်မြို့နယ်၊ (၇)ရပ်ကွက်၊ (၁၆)လမ်းအလယ်ဘလောက်ရှိ CCTV တပ်ဆင် သည့်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေကြောင်းသိရသဖြင့် ပူးပေါင်းအဖွဲ့က အဆိုပါ ဆိုင်ပတ်ဝန်းကျင်အနီး စောင့်ကြည့်နေစဉ် မတ်လ ၁၁ ရက်၊ ညနေ ၄ နာရီအချိန်တွင် ကျော်ဇော်ယျာ(ခ) မောင်မောင်ကို ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူ ကျော်ဇေယျ(ခ)မောင်မောင်အား စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် သက်သေခံငွေများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် အရေးယူနိုင်ရန် လုပ်ဆောင် နေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly