ဘိလပ်မြေစက်ရုံကိစ္စနှင့်ပတ်သက်ပြီး မန်းတိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ တိုင်ကြားခံရ

ဘိလပ်မြေစက်ရုံကိစ္စနှင့်ပတ်သက်ပြီး မန်းတိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ တိုင်ကြားခံရ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၁၁ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အောင်သပြေကျေးရွာတွင် တည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဘက်လိုက် အကောင်အထည်ဖော် လုပ်ဆောင်နေသည့်အတွက်ဟုဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌတို့အား တားမြစ် အရေးယူပေးရန် NLD ရုံးချုပ်သို့ လာရောက်တိုင်ကြားခဲ့ကြသည်။

အဆိုပါ အောင်သပြေဒေသခံ ၁ဝ ဦးကျော်နှင့် ကံဘဲ့တောင်ပြည်သူ့အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေး ကော်မတီတို့မှ မတ်လ ၁၁ ရက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်သို့ သွားရောက်ပြီး NLD ပါတီမှ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်ထံသို့ စာရွက်စာတမ်းများဖြင့် တိုင်ကြား ကြခဲ့ခြင်း ဖြစ်သည်။

" ဖြစ်တာက ကုမ္ပဏီနဲ့ ဖြစ်တာပါ ကျွန်မတို့က။ ကျွန်မတို့က တိုင်းအစိုးရကိုလည်း မပုန်ကန်ပါဘူး။ နိုင်ငံတော် ကိုလည်း မပုန်ကန်ပါဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ အတိုင်းအတာက ဖြစ်တာက ကုမ္ပဏီနဲ့ဖြစ်တာ တရားစွဲခံရတော့ အစိုးရဘက်က ကျွန်မတို့ကို တရားစွဲတယ်။ အဲ့ဒါ တရားလား။ ကျွန်မတို့ ပြည်သူတွေမှာ အားကိုးစရာလည်း မရှိတော့လို့ ရန်ကုန်တိုင်းကို ကျွန်မတို့ တက်လာရတာပါ"ဟု လာရောက်တိုင်ကြားသူများတွင် ပါဝင်သူ အောင်သပြေကျေးရွာမှ ဒေသခံ မခင်နွဲ့ကြည်က ပြောသည်။

 အယ်လ်ဖာဘိလပ်မြေစီမံကိန်းကို မြင့်ကုမ္ပဏီမှ လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် အကောင်အထည်လုပ် ဆောင်နေဆဲအဆင့်ဖြစ်ကာ ကျောက်မီးသွေးစွမ်းအင် အသုံးပြုလည်ပတ်ခြင်းမရှိသေးကြောင်း၊ ကျောက်မီး သွေးစွမ်းအင်အသုံးပြုလည်ပတ်ပါက ကျေးရွာများအတွက် ကျန်းမာရေးမှအစ ဆိုးကျိုးများသာဖြစ်နိုင်ပြီး စီမံကိန်းကို အောင်သပြေကျေးရွာအနီးတွင် အကောင်အထည်ဖော်လုပ်ဆောင်ခြင်းကြောင့် လက်ရှိတွင်ပင် ဒေသခံများအနေဖြင့် ထိခိုက်နစ်နာမှုများရှိနေခြင်းကြောင့် ထိုသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း တိုင်ကြား စာလာပို့သည့် အောင်သပြေရွာဒေသခံများက ဆိုသည်။

 " ကျောက်မီးသွေးမသုံးသေးဘဲနဲ့၊ စက်ရုံမလည်ပတ်သေးဘဲနဲ့တောင်မှ ဒေသခံတောင်သူတွေလည်း ထောင်ချခံရတယ်။ စိမ့်၊စမ်း၊ချောင်းတွေကိုလည်း ကုမ္ပဏီက ချောင်းမြောင်းတွေ၊ တောင်တွေကို ဖြိုတယ်။ စိမ့်စမ်းချောင်းတွေကိုလည်း ပိတ်တယ်။ ကန်ရေတွေလည်း မရှိတော့ဘူး။ အခုလက်ရှိပဲ ကျွန်မတို့ သောက်သုံးရေ အခက်အခဲတွေက အတော်ဖြစ်နေပါတယ်။ အဲ့ဒီတော့ သောက်သုံးရေ လည်းမရရှိတော့ သည့်အတွက် ဒေသခံတွေက ရန်ကုန်တက်ပြီးတော့၊ လာပြီးတော့ ဆန္ဒပြတာမဟုတ်ပါဘူး။ NLD ရုံးကို လာပြီးတော့ တိုင်စာလာပို့တာပါ"ဟု အောင်သပြေကျေးရွာမှ ဒေသခံ မခင်နွဲ့ကြည်က ဆက်ပြောသည်။

လက်ရှိတွင်လည်း အဆိုပါ အယ်လ်ဖာဘိလပ်မြေစီမံကိန်းကို ကန့်ကွက်မှုများနှင့်ပတ်သက်ပြီး အောင်သပြေ ကျေးရွာမှ ဒေသခံရွာသား ၁၈ ဦးကို ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲနှင့် ကျောက်ဆည်ခရိုင် မြို့ပြအင်ဂျင်နီယာတို့မှ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃၊ ငြိမ်းစုစီပုဒ်မ ၁၉၊ လမ်းပိတ်ဆို့မှုပုဒ်မ ၃၄၁၊ ဝတ္တရားနှောက်ယှက်မှုပုဒ်မ ၃၅၃ တို့ဖြင့်လည်း တရားစွဲဆိုထားသည်ဟု ဆိုသည်။

 " ပုဒ်မ ၃၄၁ နဲ့ ထောင်တစ်လ ချခဲ့ပြီးသွားပြီ။ ဒါလည်း ကိုယ်ပိုင်လမ်းကို ကုမ္ပဏီကားတွေက ကျွန်တော်တို့ ဖွံ့ဖြိုးရေးလမ်းကို တက်လာတဲ့အတွက် တားခဲ့တာ။ တားခဲ့တာကို တိုင်းအစိုးရက ဒါက ဖွံ့ဖြိုးရေးကို နှောက် ယှက်တယ်ဆိုပြီး ကျွန်တော်တို့ကို ထောင်တစ်လ ချခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလမ်းက ကိုယ်ပိုင်လမ်း။ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ ဖောက်ထားတဲ့လမ်း၊ ဒီလမ်းပေါ် ကုမ္ပဏီကားတွေတက်တာကို ကျွန်တော်တို့ ရွာသူရွာသားတွေက တားပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်တွေကို ချိုးဖျက်ပြီးတော့ ကျွန်တော်တို့ကို ထောင်တစ်လချပြီးသွားပြီ"ဟု လက်ရှိတွင်လည်း အမှုရင်ဆိုင်နေရသူဖြစ်သည့် အောင်သပြေ ကျေးရွာမှ ဒေသခံ ကိုထွန်းနိုင်က ပြောသည်။

 ထို့ကြောင့် ဒေသခံများက ရန်ကုန်သို့ ရောက်ရှိလာပြီး တရားစွဲဆိုထားသည့် ဒေသခံများအား ပြန်လွှတ်ပေးရန် အတွက် မတ်လ ၁ဝ နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် ဗဟန်းမြို့ နယ်ရှိ၊ NLD ရုံးချုပ်သို့ လာရောက်ကာမန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌတို့အား တားမြစ်အရေးယူပေးရန် NLD ပါတီမှ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်ထံသို့ စာရွက်စာတမ်းများဖြင့် လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်ကြားစာပို့ခဲ့ပြီးနောက် ကော်မတီမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံခွင့်ရရန်တောင်းဆိုခဲ့သော်လည်း မရရှိခဲ့သဖြင့် မတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် အောင်သပြေဒေသခံများက နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

စက်ရုံစီမံကိန်း မပြုလုပ်ရန်အတွက် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ ကန့်ကွက်စာများ ကို ၂၀၁၇ ခုနှစ် ၊နိုဝင်ဘာလအထိ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အကြိမ်ကြိမ်ကန့်ကွက်စာများတင်ခဲ့သော်လည်း ၂၀၁ရခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်တွင် စက်ရုံ တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ချို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly