မြေလွတ်မြေရိုင်းဥပဒေတွင် ပြစ်မှုပြစ်ဒဏ်နှင့် အချိန်ကာလ သတ်မှတ်ထားခြင်းကြောင့် အခက်ခဲရှိနေ

မြေလွတ်မြေရိုင်းဥပဒေတွင် ပြစ်မှုပြစ်ဒဏ်နှင့် အချိန်ကာလ သတ်မှတ်ထားခြင်းကြောင့် အခက်ခဲရှိနေ

ရန်ကုန်၊မတ် ၁၀ ။       ။ ပြင်ဆင်ခဲ့သည့် ၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေတွင် အသစ်ပါရှိသော အခန်း၌ ပြစ်မှုပြစ်ဒဏ်တိုးလာသည့်အပြင်  အစိုးရမှ မြေလွတ်၊မြေလပ် မြေရိုင်းဟု သတ်မှတ်သည့် မြေယာများကို လုပ်ကိုင်နေကြသော တောင်သူလယ်သမားများအတွက် အချိန်ကာလသတ်မှတ်ထားခြင်းကြောင့် အခက်ခဲ ပြသာနာများရှိနေကြောင်း စောင့်ကြည့် အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

အဆိုပါ အသစ်ပြင်ဆင်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအရ ၆ လတာအချိန် ပေးထားသည့် သတ်မှတ်ကာလသည် ၂၀၁၉ခုနှစ် မတ်လ ၁၁ရက်နေ့တွင်  ပြီးဆုံးမည်ဖြစ်သည်။

သတ်မှတ်ကာလကုန်ဆုံးသည့် ယင်းမတ်လ ၁၁ ရက်နေ့တွင်  လယ်ယာ/မြေယာ လုပ်ပိုင်ခွင့်အတွက် မှတ်ပုံတင် လျှောက်ထားခြင်းမရှိပါက လက်ရှိတွင် လုပ်ကိုင်လျှက်ရှိသော လယ်ယာမြေများကို ကျူးကျော်များ အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

" အဓိက ပြဿနာက ခြောက်လအတွင်းမှာ လျှောက်ထားရမယ်။ လျှောက်ထားတဲ့အခါမှာလည်း ဘယ်လို ဘယ်လိုတွေ မရှိရင်တော့ ပေးမယ်ဆိုတဲ့ အာမခံချက်မျိုးပေါ့နော်။ အထူးသဖြင့်တော့ လယ်သမားငယ်တွေပေါ့။ လယ်သမားငယ်တွေဟာ ကျွန်မတို့ စိုက်ပျိုးရေး ကဏ္ဍမှာ ရာခိုင်နှုန်း အများဆုံးကိုနော်။ အဲဒီအခါကျတော့ အနည်းဆုံးတော့ ဘယ်လိုမျိုး ကင်းကင်းရှင်းရှင်းရှိရင် ပေးမယ်ဆိုတဲ့ ဟာမျိုးကို မရှိသေးဘူးပေါ့။ လျှောက်ထားတဲ့ အခါမျိုးမှလဲ မပေးခဲ့ဘူး။ မရခဲ့ဘူးပေါ့ဆိုရင် အလိုအလျှောက် အပြစ်သားဖြစ်သွားတယ်။ တရားစွဲဆိုမခံရဘူး ဆိုရင်တောင်ပဲ အလိုအလျှောက် အပြစ်သားဖြစ်သွားတဲ့ ဟာမျိုး ဖြစ်တာပေါ့နော် " ဟု Earth Rights International အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးက ပြောသည်။

မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲွမှု ဥပဒေကို လိုက်နာခြင်းမရှိပါက ပုဒ်မ ၂၇ (က) (ခ)အရ လယ်သမားများသည် ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ငွေဒဏ် ၅သိန်း ကျခံရမည်ဖြစ်သည်။

တစ်ချို့သော လယ်သမားများအနေဖြင့် ဥပဒေရှိသည်ကိုပင် မသိသူများ ရှိနေသလို၊ ၂၀၁၂ ဥပဒေအဟောင်းကိုပင် မသိကြသူများလဲ ရှိနေသည်။ ထို့ပြင် ၎င်း ဥပဒေများကို မည်သို့အကောင်ထည်ဖော်၍ မည်ကဲ့သို့သော လျှောက်ရမည်၊ မည်သည့် ဌာနကို မည်သည့်ဖောင်ကို ယူ၍ လုပ်ရမည်တို့ကို အခြေခံကျကျ မသိရှိကြသည်များလည်း ရှိနေကြောင်း လူထုအခြေပြုဥပဒေကူညီမှုကွန်ရက်မှ စီမံကိန်းညွှန်ကြားရေးမှူး ဒေါ်သင်ဇာဦးက ဆိုသည်။

" သိရင်တောင်မှပဲ သက်ဆိုင်ရာဌာနကို တောင်းရင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ကိုယ်တိုင်ကပဲ တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ရွာနီးစပ်က မြို့နယ်အဆင့် အဖွဲ့အစည်းလေးတွေကိုလည်း သူတို့အနေနဲ့ ရပ်ရွာလူထုကို ကူညီချင်ရင်တောင်မှ သူတို့ကိုယ်တိုင်လည်း Capacity (လုပ်ဆောင်နိုင်စွမ်း) မရှိတဲ့အပြင်ကို သူတို့ကိုယ်တိုင်လည်း ဥပဒေရဲ့ လုပ်ရမယ့် ကဏ္ဍတွေကို မသိဘူးပေါ့နော်။ အဲဒီဟာက ဝန်ထမ်းတွေမှာလဲ အခက်ခဲရှိသလို လူထုမှာလည်း အခက်ခဲရှိတယ်" ဒေါ်သင်ဇာဦးက ပြောသည်။

ထိုဥပဒေတွင် ခြွင်းချက်အနေဖြင့် ဥပဒေအရ မြေယာများကို တိတိကျကျ လုပ်ပိုင်ခွင့် ပေးထားခံရသည့်မြေများ၊ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်ခဲ့သော မြေများအပါအဝင် တရားခွင့်ပြုထားပြီးသော ဘာသာရေးနှင့် သက်ဆိုင်သော နယ်မြေများကိုသာ လုပ်ပိုင်ခွင့်ပေးထားခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly