အရည်အသွေးမြင့် ရိုက်ကူးရေးများပြုလုပ်နိုင်စေရန် ရုပ်ရှင်စတူဒီယိုများ ဖွင့်လှစ်

အရည်အသွေးမြင့် ရိုက်ကူးရေးများပြုလုပ်နိုင်စေရန် ရုပ်ရှင်စတူဒီယိုများ ဖွင့်လှစ်

မတ်၊ ရန်ကုန် ။     ။  အနုပညာရှင်များအတွက် စျေးနှုန်းသက်သာစွာနှင့် အသုံးပြုနိုင်မည့် စတူဒီယိုများကို အစိုးရက ဖွင့်လှစ်ပေး ခဲ့သည့်အပေါ် ဝမ်းသာကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီက ပြောည်။

“ဒါမျိုးတွေက အစ်မတို့ အနုပညာရှင်တွေအတွက် မဖြစ်မနေလိုအပ်နေတဲ့ အရာတွေပေါ့နော်။ ဘယ်သူကမှ မကူညီဘူး။ နေရာကလည်း မရှိဘူးဆိုရင် အမတို့ရဲ့ creation က ပိုပိုပြီး ကျုံ့လာမယ်ပေါ့နော်။ အခုလို တတ်နိုင်သလောက်လေး စလုပ်ရာကနေ နောက်ဒီထက်ကြီးကျယ်တဲ့ နိုင်ငံတကာစတူဒီယိုကြီးတွေကို အစိုးရကနေ စျေးသက်သက်သာသာနဲ့ ရအောင်လုပ်ပေးမယ်ဆိုရင် အစ်မတို့အတွက် ပိုအဆင်ပြေတယ်။ အခုလည်း တော်တော်လေးအဆင်ပြေပါတယ်။ တော်တော်လည်း အံ့သြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစ်မဇာတ်ကားရိုက်တုန်းကလည်း Location လေးက သက်သာတယ်။ အစ်မတို့ ပြင်ပမှာ သွားရိုက်တာ ထက်စာရင် သက်သာတယ်။ အဲ့လိုလေးတွေ ထပ်ပေါ်ပါစေလို့ပဲ အစ်မတို့ ဆုတောင်းတယ်” ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုတစ်ရပ်အနေနှင့် ရုပ်ရှင်နှင့် အခြားရိုက်ကူးရေးများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရုပ်ရှင်စတူဒီယိုများ ဖွင့်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရှိ အနုပညာရပ်ဝန်းတွင် မတ်လ ၉ရက်နေ့က ပြုလုပ်ခဲ့ပြီး အခုလိုပြောခဲ့ခြင်း ဖြစ်သည်။

အရည်အသွေးမြင့် 2K, 4K ရုပ်ရှင်ကားများ၊ MTV များ၊ ကြော်ငြာများ၊ Documentary များ၊ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လုပ်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ရိုက်ကူးရေးအတွက် ခက်ခဲသော တရားရုံး၊ ရဲစခန်း၊ အချုပ်ခန်း စသည့် နေရာများပါဝင်သော indoor studio သုံးခုကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီစတူဒီယိုတွေက ဒီမှာ နှစ်ပေါင်းများစွာ အသုံးမပြုနိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေပါ။ အဲ့ဒါကို ကျွန်တော်တို့က ဒီခေတ်မှာ ဒီစတူဒီယို ၁မှာဆိုရင် လိုအပ်တဲ့ မီး၊ အလင်း၊ အသံပေါ့လေ။ အကုန်လုံး ကျွန်တော်တို့ အစစအရာရာ ပြင်ဆင်လိုက်ပါပြီ။ ပြင်ဆင်လိုက်ပြီးမှ ဒီနေ့ဆောင်ရွက်ထားရှိပါတယ်။ အလားတူပဲ စတူဒီယို ၂ ၊ ၃ မှာတော့ ကျွန်တော်တို့ ဒီရုပ်ရှင်လောကသားတွေ ရိုက်ကူးဖို့ ခက်ခဲတဲ့ ဥပမာ တရားရုံးတွေ၊ ရဲစခန်းတွေ၊ အချုပ်ခန်းတွေ အဲ့ဒါမျိုးတွေ ကျွန်တော်တို့ setting တွေလုပ်ထားပါတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

စတူဒီယိုငှားခများအနေနှင့် မနက်၈နာရီမှ ညနေ၆နာရီအထိ တစ်ဂျူတီလျှင် ကျပ်ငါးသောင်းမှ ကျပ် နှစ်သိန်း အထိ စျေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly