ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား တပ်နှင့်ကြံ့ခိုင်ရေး ကန့်ကွက်

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား တပ်နှင့်ကြံ့ခိုင်ရေး ကန့်ကွက်

နေပြည်တော်၊ မတ်လ ၅ ။         ။ သက်ဆိုင်ရာလွှတ်တော်များမှ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်သည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် တင်ပြထားသည့်ဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ “လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ” ကို ဖတ်ကြားတင်သွင်းရာတွင် တပ်မတော်သား ကိုယ်စားလှယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ကန့်ကွက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျောင်းကုန်းမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် ပုဒ်မ ၂၆၁ အပါအဝင် အခြားပြင်ဆင်ရေးကိုပါ တစ်ပေါင်းတည်း ဆွေးနွေးလိုသည့့် သဘောထားမှတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

“အခု ဒီနေ့ (မတ်လ ၅ ရက်) တင်သွင်းလာတဲ့ အစီရင်ခံစာရဲ့ သဘောအရ ဥပဒေကြမ်းပူးပေါင်းကော်မတီ အများစုရဲ့ သဘောထားကတော့ ၄၅ ဦး ကော်မတီ ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အခု ၂၆၁ ပြင်ဆင်ချက်တွေဟာ လည်း ၄၅ ဦးကော်မတီရဲ့ ဆွေးနွေးချက်မှာ ပါသွားမှာဖြစ်တဲ့အတွက် ဟိုမှာပဲ ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်ဆိုတဲ့ဟာမျိုး ကော်မတီရဲ့အစီရင်ခံစာမှာ ပါထားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဥပဒေနဲ့ မညီတော့ပါဘူး။ လွဲသွားပါပြီ”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် ရက်စွဲဖြင့် ကျောင်းကုန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းအပါအဝင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက ပုဒ်မ ၂၆၁ ၏ ပုဒ်မခွဲ ခ၊ ဂ၊ ဃ၊နှင့် င တို့ကို ပြင်ဆင်ရန် ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီတစ်ရပ်ကို အမျိုးသားလွှတ်တော် ၊ ပြည်သူ့ လွှတ်တော်တို့မှ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ၁၅ ဦးစီ စုစုပေါင်း ၃၀ ဦးဖြင့် ဖွဲ့စည်းထားသည်။

၄င်းကော်မတီ၏ သဘောထားမှတ်ချက်အများစုသည် ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ၄၅ ဦး ပါဝင်သည့်ကော်မတီမှ ပုဒ်မ(၁)မှ ပုဒ်မ(၄၅၇)အထိ ပြင်ဆင်ချက်များတွင် တပေါင်းတည်း ထည့်သွင်းဆွေးနွေးသွားရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ယနေ့ မတ်လ ၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၂၆၁  တစ်ခုတည်းကိုသာ သီးခြားပြင်ဆင်ရန် တင်ပြလာခြင်းအပေါ် ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပူးပေါင်းကော်မတီ၏သဘောထားမှတ်ချက်ကို ပြောသည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ပင်မရေသောက်မြစ် ဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် နိဒါန်းကနေ စပြီးတော့ နောက်ဆက်တွဲ ဇယားများထိ ပြဋ္ဌာန်းချက်များဟာ တစ်ခုနဲ့တစ်ခု စီစဉ်တကျ တွဲဖက် ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် ပုဒ်မတစ်ခုချင်းစီကို သီးခြားတင်သွင်းပြင်ဆင်ရန် သင့်မြတ်မှု မရှိတဲ့အတွက် လွှတ်တော်က အတည်ပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်များမှာ တပါတည်း ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း”ဟု ပူးပေါင်းကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

၄င်းက သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ၃၀ ဦးဖြင့် ဖွဲ့စည်းထားပြီး ၊ ပြင်ဆင်ရေးပူးပေါင်း ၄၅ ဦး ကော်မတီအတွင်း ပြင်ဆင်ရန် ကိုယ်စားလှယ် ၂၅ ဦးက သဘောတူခဲ့ကာ ကျန်ကိုယ်စားလှယ် ၅ ဦးက လွှတာ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ အဆိုပါဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးအတည်ပြု ဆောင်ရွက်သင့်သည်ဟု တင်ပြထားခဲ့ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ဆက်ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ႔ဖြိုးရေးပါတီ ကိုယ်စားပြု ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တေ်ာ ကိုယ်စားလှယ် ဦးသောင်းအေးက “ တစ်ရပ်ရပ်ကို ပြင်ဖို့ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့ ပြောသလိုပါပဲ ။ ဒါဟာ တစ်နိုင်ငံလုံးအတွက် အင်မတန်အရေးကြီးတဲ့ဥပဒေလေ။ အဲဒါကြီးကို လွယ်လွယ်နဲ့ ပြင်သွားဖို့အတွက် စီမံ ဆောင်ရွက်တာဆိုတာက မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ပြင်သင့်ပြင်ထိုက်တဲ့ပုံစံ ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ဥပဒေနဲ့အညီ အန်ကယ်တို့က ဒီ ပုဒ်မ ၂၆၁ ကို တင်တာပါ။ ဒီ ဥပဒေကို ခုနက ဥပဒေနဲ့အညီပဲ ကိုယ်တို့က လွှတ်တော်မှာ ပြင်ဆင်တာကို လက်ခံချင်ပါတယ်။ အခုဟာက အဲ့ဒီလုပ်ဆောင်ချက်အပေါ်မှာပဲ ဒီဥပဒေနဲ့ ပတ်သက်လို့ ကျန်တဲ့ဟာတွေ လည်း ရှိတဲ့အတွက် ဟိုဘက်က ပူးပေါင်းကော်မတီကို ပြောင်းပေးဖို့ ဆိုတဲ့ ဆွေးနွေးချက်အစီရင်ခံစာမျိုးကိုတော့ လက်ခံလို့မရဘူး”ဟု ပြောသည်။

အခြေခံဥပဒေပုဒ်မ ၂၆၁ သည် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များထဲမှ ရွေးကောက်ခံ တစ်ယောက်ကို သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိကာ ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံနေလျှင် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများမှ လွှတ်တော်များက ငြင်းဆန်ခွင့် မရှိပေ။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုမှ အများဆုံး စီမံခန့်ခွဲနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ဗဟိုမှ ခန့်အပ်သော ပုဒ်မ(၂၁၆) ကဲ့သို့ ပုဒ်မမျိုးကို ပြင်ရန် တိုင်းရင်းသားများက ဆန္ဒရှိနေကြသည်။

ကြံ့ခိုင်ရေးပါတီမှ ပြင်ဆင်လိုသည့်အချက်သည်လည်း သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များမှ လွှတ်တော်များမှ ခန့်အပ်ကာ သမ္မတမှ အတည်ပြုခန့်အပ်ရေး ဖြစ်သည်။

ထို့နောက် ၄င်းအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက မတ်လ ၇ ရက် နေ့ နောက်ဆုံးထားက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required