ရေပိုင်နက်ထဲ ဝင်လာတဲ့ အိန္ဒိယရေငုပ်သင်္ဘောကို မောင်းထုတ်ခဲ့ရတယ်လို့ ပါကစ္စတန်ရေတပ် ထုတ်ပြန်

ရေပိုင်နက်ထဲ ဝင်လာတဲ့ အိန္ဒိယရေငုပ်သင်္ဘောကို မောင်းထုတ်ခဲ့ရတယ်လို့ ပါကစ္စတန်ရေတပ် ထုတ်ပြန်

အစ္စလာမ္မာဘတ်၊ မတ် ၅ ။         ။ နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာပဲ ပါကစ္စတန်ရေတပ်ဟာ ရေပိုင်နက်ထဲ ဝင်လာတဲ့ အိန္ဒိယရေငုပ်သင်္ဘောတစ်စီးကို ရပ်တန့်စေပြီး မောင်းထုတ်ခဲ့ရကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ကက်ရှ်မီးယားပိုင်နက်အရေးကြောင့် လုံးလုံးထိပ်တိုက်တွေ့မှု ဖြစ်လာမှာ စိုးရိမ်နေရပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားခံရတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ လေယာဉ်ချင်း အနီးကပ်တိုက်ပွဲတစ်ရပ် ဖြစ်ပွားပြီးနောက် ရက်ပိုင်းမှာပဲ ခုဖြစ်စဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရေပိုင်နက်ထဲ အိန္ဒိယရေငုပ်သင်္ဘော ဝင်လာတာကို ပါကစ္စတန်ရေတပ်က ရပ်တန့်စေခဲ့ပါတယ်။”လို့ ရေတပ်ပြောခွင့်ရသူတစ်ဦးက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

“အစိုးရရဲ့ ငြိမ်းချမ်းရေး ထိန််းသိမ်းမယ့် ပေါ်လစီကြောင့် အဲဒီ အိန္ဒိယ ရေငုပ်သင်္ဘောဟာ ပစ်မှတ်မဖြစ်ခဲ့ပါ။”လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါကစ္စတန်ရေပိုင်နက်ကနေ အိန္ဒိယရေငုပ်သင်္ဘောကို မောင်းထုတ်ခဲ့ရတယ်လို့ ပါကစ္စတန်ရဲ့ အပြောအရ ဒါဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံး ဖြစ်ပွားမှုပါပဲ။

အိန္ဒိယရေငုပ်သင်္ဘော ဘယ်အချိန်နဲ့ ဘယ်နေရာကနေ ဝင်လာတယ်ဆိုတာနဲ့ ပတ်သက်တာအပါအဝင် နောက်ထပ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းတော့ မရှိပါ။

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူတွေဖက်က ချက်ချင်းတုံ့ပြန်လာတာ မရှိသေးကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly