ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို နေရာတိုးချဲ့ကျင်းပမည်

ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို နေရာတိုးချဲ့ကျင်းပမည်

ရန်ကုန်၊မတ် ၅ ။              ။ ရန်ကုန်မြို့တွင်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်ကထက် နေရာအသစ်များတိုးချဲ့ကာ ကျင်းပ သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောသည်။

ယခင်နှစ်တွင် ကန်တော်ကြီး၊မဟာဗန္ဓုလပန်းခြံနှင့် ဦးဥတ္တမပန်းခြံတို့တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်ခဲ့ပြီး ယခု နှစ်တွင် အဆိုပါနေရာများအပါအဝင် အင်းယားကန်လမ်း၊မြကျွန်းသာနှင့် မဟာဗန္ဓုလပန်းခြံလမ်း၊ ကုန်သည် လမ်းစသည့် နေရာများကို တိုးချဲ့သွားမည်ဖြစ်သည်။

"ဒီနေရာတွေကို လမ်းလျှောက်သင်္ကြန်တွေ လုပ်ချင်တယ်ဆိုပြီး လျှောက်ထားလာတဲ့အတွက်ကြောင့် ခွင့်ပြု ပေးတာ။အရင် မနှစ်က အင်းယားလမ်းထဲမှာ ခွင့်ပြုဖို့နေရာလျာထားခဲ့ပေမယ့် အချိန်တန်တော့ လမ်းလျှောက် သင်္ကြန်လုပ်မယ့်သူမရှိလို့ မလုပ်ဖြစ်ဘဲ ဖြစ်သွားတာ"ဟု  ဦးသန်းက ပြောသည်။

၂၀၁၉သင်္ကြန်အတွက် ရေကစားမဏ္ဍပ်များကို ယခင်နှစ်အတိုင်း ၃၅နေရာလျာထားလျက်ရှိပြီး ရေကစား  မဏ္ဍပ်များ တည်ဆောက်ခွင့်အတွက် မတ်လ ၄ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီး မတ်လ ၂၅ရက်နေ့အထိ နောက်ဆုံးလျှောက်ထားနိုင်မည်ဖြစ်သည်။

 " မဏ္ဍပ်တွေက မနှစ်လမ်းကြောင်း အတိုင်းပဲ။ ၃၅နေရာ လျာထားပေးထားတယ်။ ခွင့်ပြုချက်လျှောက်လွှာ ကတော့ သူတို့လမ်းတံတားဌာနကို ဆက်သွယ်ပြီး လာယူလို့ရပြီ "ဟု စည်ပင်သာယာရေးကော်မတီတွဲဖက် အတွင်းရေးမှူးဦးသန်းက ဆိုသည်။

ရန်ကုန်မြို့ လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်ကာ သင်္ကြန်အကျနေ့၊သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

၂၀၁၈ခုနှစ်က ပြုလုပ်ခဲ့သော ရန်ကုန်မြို့လမ်းလျှောက်သင်္ကြန် ကျင်းပသည့် နေရာများတွင် စတုဒိသာများ ကျွေးမွေးခြင်း ကုမ္ပဏီအဖွဲ့အစည်းများ၊ အလှူရှင်များက စတုဒိသာများ ပြုလုပ်ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သလို ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly