ကမ္ဘာ့ဒုတိယမြောက် HIV ဗိုင်းရပ်စ်ပိုး ပျောက်ကင်းသူ ဖြစ်လာတဲ့ ဗြိတိန်အမျိုးသား

ကမ္ဘာ့ဒုတိယမြောက် HIV ဗိုင်းရပ်စ်ပိုး ပျောက်ကင်းသူ ဖြစ်လာတဲ့ ဗြိတိန်အမျိုးသား

မတ် ၅ ။       ။      HIV ပိုးရှိနေခဲ့သူ ဗြိတိန်အမျိုးသားတစ်ဦးဟာ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုတစ်ခု ခံယူပြီးနောက်ပိုင်း AIDS Virus ကင်းစင်သွားတာကို တွေ့ရှိရကြောင်း ၎င်းရဲ့ ဆရာဝန်တွေက ပြောပါတယ်။ ယင်းအတွက်ကြောင့် ၎င်းအမျိုးသားဟာဆိုရင် HIV ကူးစက်ခံခဲ့ရပြီး ရောဂါပိုး ပျောက်ကင်းသွားတဲ့ ကမ္ဘာ့ဒုတိယမြောက် အမျိုးသား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

၎င်းအမျိုးသားဟာဆိုရင် HIV ကူးစက်မှုကို ခုခံနိုင်စွမ်းရှိ ရှားပါးမျိုးဗီဇ ရှိတဲ့ အလှူရှင်တစ်ဦးထံကနေ ရိုးတွင်းခြင်ဆီ Stem Cells အစားထိုးကုသမှု ခံယူထားခဲ့ပြီး သုံးနှစ်အကြာမှာတော့ ၎င်းဆီမှာ HIV ကူးစက်ခံထားရတယ်ဆိုတဲ့ လက္ခဏာရပ်တွေ ခု မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

" ကျွန်တော်တို့ စစ်ဆေးကြည့်တာကတော့ သူ့မှာ ဗိုင်းရပ်စ်ပိုး မရှိတော့ပါဘူး၊ ဘာပိုးမှ မတွေ့တော့ဘူး" လို့ အဆိုပါ အမျိုးသားကို ဦးဆောင်ကုသပေးနေခဲ့တဲ့ ဆရာဝန်အဖွဲ့ရဲ့ ဦးဆောင်သူ ပါမောက္ခ Ravindra Gupta က ပြောပါတယ်။

ယခု ရှားပါးဖြစ်စဉ်ကြောင့် AIDS ကို တစ်နေ့နေ့မှာ လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ အယူအဆကို ပိုမို ခိုင်မာလာစေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သို့ပေမယ့်လည်း ယခုဖြစ်စဉ်ကြောင့် HIV ကို လုံ့ဝ ပျောက်ကင်းအောင် ကုသလို့ရတဲ့ ဆေး တွေ့ပြီလို့တော့ ဆိုလိုရာ မရောက်ဘူးလို့လည်း သိရပါတယ်။

Gupta က ပြောကြားရာမှာတော့ ၎င်းရဲ့ လူနာဟာ လက်တွေ့မှာ ရောဂါပိုး မရှိတော့ဘဲ သက်သာသွားခဲ့ပြီဖြစ်တယ်ဆိုပေမယ့် ၎င်းကို လုံးဝ ပျောက်အောင် ကုပေးနိုင်ပြီလို့ ပြောဖို့ကတော့ စောနေသေးတယ်လို့ ဆိုပါတယ်။

ယခု ဗြိတိန်အမျိုးသားမတိုင်မီက Timothy Brown အမည်ရ အမေရိကန် အမျိုးသားတစ်ဦး ဆိုရင်လည်း ၂၀၀၇ လောက်က ဂျာမနီမှာ အလားတူ ကုသမှုမျိုး ခံယူရင်း HIV ပိုး ပျောက်သွားခဲ့ဖူးပါသေးတယ်။ လက်ရှိအမေရိကန်မှာ ပြောင်းရွှေ့နေထိုင်နေတဲ့ Brown ထံမှာတော့ ယခုအချိန်ထိ HIV ပိုး မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်း လက်ရှိမှာ လူပေါင်း ၃၇ သန်းလောက် HIV ပိုးကူးစက်ခံထားရပြီး ယင်း AIDS ရောဂါကြောင့် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်း လူ ၃၅ သန်းလောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly