စနစ်တကျရေးဆွဲထားသည့် မြေပုံစနစ် မရှိ၍ မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် အားနည်းချက်များ ရှိနေ

စနစ်တကျရေးဆွဲထားသည့် မြေပုံစနစ် မရှိ၍ မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် အားနည်းချက်များ ရှိနေ

နေပြည်တော်၊ မတ်လ ၄ ရက် ။          ။ မြေယာစီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ခြင်း၊ မှန်ကန်သည့် မြေအသုံးချမှု မူဝါဒချမှတ်ခြင်း၊ မြေယာခွဲဝေခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် စနစ်တကျရေးဆွဲထားသည့် မြေပုံစနစ်မရှိခြင်းကြောင့် အားနည်းချက်များ ရှိနေသည်ဟု မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောသည်။

“မြို့မြေ၊ ရွာမြေနဲ့ဆိုင်တဲ့ ပြသနာတွေ လယ်ယာစိုက်ပျိုးလုပ်ပိုင်ခွင့်အငြင်းပွားမှုနဲ့ ဆိုင်တဲ့ ပြသနာတွေ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း များစွာကို ကုမ္ပဏီတို့ ပုဂ္ဂလိကတို့ကို ဗဟိုက ချထားပေးတဲ့နေရာမှာ လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့ အငြင်းပွားမှုပြသနာတွေ သိမ်းဆည်းခံလယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများနဲ့ ပတ်သတ်တဲ့ မြေသိမ်း၊ယာသိမ်း အမှုအခင်းပြသနာတွေ မြေနုကျွန်းကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်အချင်းချင်း စကားများရန်ဖြစ်တဲ့ပြသနာတွေစသည်ဖြင့် တစ်နိုင်ငံလုံး အနှံ့ ဖြစ်ပေါ်လျက် ရှိနေကြပါတယ်”ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှမြင့်(ခေါ်) ဦးလှမြင့်သန်းတင်သွင်းထားသည့် မြန်မာနိုင်ငံတွင် လိုအပ်လျှက်ရှိသည့် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နှစ်ရှည် စီမံကိန်းဖြင့် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ အကူအညီများရယူကာ နှစ်ရှည်စီမံကိန်းဖြင့် ရယူ ဆောင်ရွက်နိုင်ရေးအဆိုကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် မြေပုံစနစ်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော် အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက တိုင်းတာရေးဆွဲထားသည့် မြေပုံစာရင်းများကို အခြေခံကာ မြေယာစီမံခန့်ခွဲခြင်း လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အဆိုတင်သွင်းစဉ်က အဆိုရှင် ဦးလှမြင့်သန်းက ပြောဆိုထားသည်။

နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကောင်းမွန်သည့်မြေယာစီမံခန့်ခွဲအုပ်ချုပ်မှုသည် မဖြစ်မနေ လိုအပ်ပြီး၊ မြေယာစီမံခန့်ခွဲမှုနှင့်မြေယာအသုံးချမှုျတွင်လည်း စနစ်ကျရန်လိုကြောင်းကို ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၄)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာ အာကာမိုးက အဆိုကို ထောက်ခံ ဆွေးနွေးရာတွင် ပြောခဲ့သည်။

ထို့သို့ စီမံခန့်ခွဲမှုတွင် သယံဇာတထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်ပြီး မြို့ပြဖွံ့ဖြိုးရေး၊ စိုက်ပျိုးထုတ်လုပ်မှုများ အားလုံးတွင် အကျိုးဖြစ်ထွန်းရန်လို၍ မြေအသုံးချမှုတွင်လည်း ဂေဟစနစ်ကို အခြေခံကာ လူနေမှုဘဝများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ နယ်နမိတ်များကို လေးစားလိုက်နာရန်လိုကြောင်း ၄င်းက ဆက်လက် ပြောသည်။

“စနစ်မကျတဲ့မြေယာ စီမံခန့်ခွဲမှုနဲ့ မြေယာအသုံးချခွင့်၊ ပိုင်ဆိုင်ခွင့်တွေကို ပြင်ဆင်နိုင်ဖို့ မြေအမျိုးအစားနဲ့ မြေ အတန်းအစားသတ်မှတ်ခြင်း၊ တိကျသောနယ်နမိတ် မြေပုံရေးဆွဲခြင်း ၊ မြေမှတ်ပုံတင်ခြင်း စတဲ့ အဓိက သုံးချက်နဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၄)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာ အာကာမိုးက ပြောသည်။

ယနေ့ တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုပေးနိုင်၊ မှတ်တမ်း တင်နိုင်ရေးအတွက် ၊ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ပြည်တွင်း၊ပြည်ပမှ ပညာရှင်များဖြင့် နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦး ဆွေးနွေးခဲ့ပြီး အဆိုပါ ၄ ဦးလုံးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required